Friday, July 20, 2018

ကျနော့်ကဗျာ



" ကျနော့်ကဗျာ "


ရသခုံမင် ၊ သုတယှဉ်၍

ဖတ်ချင်ဓမ္မ ၊ မကျန်ရအောင်

စစတွေးတော မိပါသည်။


အဆုံးအမ ၊ ရွာအလှနှင့်

ချိုမြသံချို ၊ လင်္ကာတိုဖြင့်

ခွန်းချိုကဗျာ သမိသည်။


အနှောင့်အသွား ၊ စာစကားဖြင့်

အများသူငါ ၊ မပြောပါဘူး

သာယာချိုနှော ပြောခဲ့သည်။


ရှေ့သို့လည်းသင် ၊ ပညာရှင်ထံ

သင်အံမှတ်သား ၊ စာဝါပွားလျက်

ကြိုးစားမှတ်သိ ရှိပါသည်။


လူငယ်နောင်သွေး ၊ ပညာပေး၍

ဆွေးနွေးသုတ ၊ နည်းလမ်းပြဆို

ဝေငှအတွေး ပေးပါသည်။


အကောင်းအဆိုး ၊ ထိုနှစ်မျိုးတွင်

ကောင်းကျိုးစေငြား ၊ ထိုနှစ်ပါးတွင်

ဆိုးသွားသည်လည်း ရှိခဲ့သည်။


တစ်နေ့တစ်ည ၊ တစ်ဘဝတွင်

လှပစိတ်ဝမ်း ၊ လွန်အေးချမ်းသည့်

ပြုံးပန်းဝေဆာ ပွင့်ကြပါစေ။


သာယာကြည်အေး ပန်းတိုင်းမွှေးသို့

ရွှင်အေးစေကြောင်း တောင်းဆုရည်။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

ကိန္နရီမယ်ကကြိုးပန်းချီ



" ကိန္နရီမယ် ကကြိုးပန်းချီ "


ဟင်္သာဟန် ပျံချီဘောင်ဝယ်

ညာတတောင်ငယ် ကွေးသီခေါက်ကာ

ဘယ်လက်အောက် နောက်ပစ်ကျံသည်

ကျောက်ဆစ်စီ ပန်းချီ အလား

ကညာတစ်ပါး ခါးထွာဆိုင်ရယ်

အားမှာပြိုင် ထိုင်ရာက ကြွချီသော်

လှကိန္နရီမယ်နော်။


ပန်းဒေါက်က ပခုံးဆောင်ကာ

ခေါင်းဦးသျှောင် နတ်ထံသက်

မေးအပ်လျက် ထက်သို့မော့ဟန်ဖြင့်

ဆွေးလုကျော့ ချစ်သူထံဝယ်

လားရာမှန် မျက်နှာဖေါ်ပါလို့

အဝေးသို့မျှော်။


မိုးနတ်နွယ် တိမ်ယံလွှာ

ရင်နှစ်မွှာစွင့် ပွင့်သစ်လျက်ကယ်

လက်နှစ်ဘက် ခတ်လှုပ်ရင်း

နှစ်ဘက်ခြေ လေးခင်းခေါ်သလို

မြေနင်းပေါ် ကြွလှမ်း။


ရွှေချင်းရွက် လက်မှာလျှိုး

ကျောပိုးသည့် တောင်ပံနှစ်ဖြာ

ဝဲပျံရာ အဆင်အားဟာမို့

သွင်အဖျား ညာခြေနင်းပုံဖြင့်

ဝဲခြေညင်း တက်မြှောက်လှန်ကာ

ထက်အောက်မှန် တိမ်ယံကြားမယ်

ကြွားဝံ့ပျံသန်း။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

တက္ကသီလာ



" တက္ကသီလာ "


ရိုရည်းလေး ရည်းလေးရို

ရည်းလေးလေးရို။

တို့ငယ်စဉ် သူငယ်ချင်းဟောင်း

ကျောင်းကြီးလည်းအို။


ကျောင်းတော်ကြီး ခရီးနှင်

စာအံသင် လူအများ။

ကြိုးစားကာ ပညာပွားမယ်

တို့ကျောင်းတော်သား။ ။


နှစ်စသော် တသုတ်လာ

နှစ်ဆုံးမှာ တသုတ်သွား။

ပညာရှင် လူအများကို

ကျောင်းတော်ကဖွား။ ။


ကြိုးစားကြ စာသင်သားတို့

ကျောင်းတော်အား အလင်းဆောင်။

စာဗိမာန် ပေးဝေမျှတဲ့

ပညာ့တန်ဆောင်။ ။


ဤလူ့ဘောင် စဉ်အဆက်မှာ

မပျက်စွာ လျှောက်လှမ်း။

သစ်လွင်ပျို မောင်မယ်စုံတွက်

လွှမ်းခြုံလက်ကမ်း။ ။


ပင်ပန်းရော့ နွမ်းလျော့ခွေ

ကျောင်းတော် မှာလေ။

စာကဝေ ကဝိသွေးတို့

မွေးထုတ်တဲ့မြေ။ ။


တို့မြန်ပြေ သာစေကြောင်းရယ်

ဆုမွန်ချွေတောင်း။

တက္ကသိုလ် ပညာရေးကို

ပေးမျှအောင်ကြောင်း။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

ကျေးဇူးရှင်



" ကျေးဇူးရှင် "


အမေအမေ သားမေမေ

အမေ့ရဲ့သား ၊ လူညိုထွား

မေ့သားကောင်းစွာ ရှိပါသည်။


အဖေအဖေ သားဖေဖေ

အဖေ့ရဲ့သား ၊ ပညာပွား

စိတ်ထားကောင်းစွာ ရှိပါသည်။


အမေကမွေး ၊ ဖေရှာကြွေး

သားလေးလူမော် ၊ ရွှင်ပျော်ပျော်

သင့်တော်အေးချမ်း ၊ ရှိပါသည်။


သားသမီးလျှင် ၊ ငယ်ရွယ်စဉ်မှ

ကြီးစဉ်ငယ်လိုက် ၊ အင်အားစိုက်

သည်းလှိုက်မေတ္တာ ပေးမျှသည်။


ပညာကိုပေး ၊ ရင်မှာထွေးလျက်

ကျွေးမွေးသုတ်သင် ၊ လွန်ချစ်ခင်

ပဲ့ပြင်ဆုံးမ နည်းပြသည်။


အဖေအမေ ၊ မိဘတွေဖြင့်

နေ့ချင်းညချင်း ၊ သက်ရွယ်ညှင်း

အိုမင်းရင့်ရော် ရှိချေပြီ။


မွေးမြေရပ်ဝေး ၊ သားမောင်လေးမှ

ကျေးဇူးနှစ်ဖြာ ၊ ဦးခိုက်စွာလျှင်

ကျန်းမာစေကြောင်း တောင်းဆုရည်။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

ကယ်သူမဲ့



” ကယ်သူမဲ့ ”


အကြော်ကြော် ရောင်းကာမှ

အကြွေးကျ ရင်းပြုတ်တယ်။


တစ်ရာမှာ နှစ်ဆယ်တိုးနဲ့

ငွေရင်းထိုး ရောင်းဝယ်။


စိတ်ညစ်ပါတယ်

အကြော်သည် ငွေရှား။


မျက်နှာငယ် ပရုပ်လုံးလို

လုံးချာလိုက်ပါး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကြက်မေမေ

” ကြက်မေမေ ”


မေမေ မေမေ ၊ ဘယ်ရောက်နေ

သားတွေ ခေါ်နေတယ်။


ခု မနက် မှ ၊ လိုက်ရှာကြ

သားလှ ဗျာပါကြွယ်။


မေ့မေ့ ရင်ခွင် ၊ နားခိုချင်

အော်ငင် နေကြတယ်။


သားတွေ ကိုခွဲ ၊ ဟင်းအိုးထဲ

မေ့သည်း ကျွမ်းလှတယ်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကဗျာဟုဆိုရာဝယ်



" ကဗျာ ဟုဆိုရာဝယ်"


ကဗျာဆိုတာ သင်သိလား

ကဗျာဆိုတာ သင်မသိသေးပါ

သင့်ကဗျာကို သင်နားလည်ရဲ့လား

သင့်ကဗျာကို သင်နားမလည်သေးပါ

သင် ကဗျာရေးတတ်လား

သင် မရေးတတ်သေးပါ

သင် ကာရံသိလား

သင် မသိတတ်သေးပါ

သင့်မှာ စကားလုံးရှိလား

သင့်မှာ စကားလုံး မရှိသေးပါ

သင့်မှာ ဦးတည်ချက် ရှိလား

သင့်မှာ ဦးတည်ချက်မရှိ သေးပါ

သင် စိတ်ကူးကောင်းရဲ့လား

သင် စိတ်ကူးမကောင်းသေးပါ

သင် စိတ်ထားကောင်းနဲ့အမြဲရေးသလား

သင် မကောင်းနိုင်သေးပါ

သင့်ကို သင်ပေးခဲ့ကြတယ်

သင်ရော သင်ပေးခဲ့ရဲ့လား

သင့်ကို နည်းလမ်းပြကြတယ်

သင်ရော နည်းလမ်းပြခဲ့လား

သင့်ကို အားပေးကြရဲ့လား

သင်ရော အားပေးပါရဲ့လား

ဤအရာ ကဗျာမဟုတ်

သင့်ကိုယ်သင် အားပြုနေခြင်းသာ။


အက္ခရာစာလုံး သင်ယူသုံးလဲ

သင်သုံးဓိပ္ပါယ် တခြားရွယ်လို့

ရှုငယ်ခံစား ဓိပ္ပါယ်ကားလို့

သင့်အားသူက လေးမည်လော။


သင်ကယူသုံး စကားလုံးတို့

စံသုံးအက္ခရာ သရ ပါ ဗျည်း

ဖွေရှာပြီးလည်း ဒီအထဲတွင်

တဝဲလည်လည် ရှိမြဲပင်။


သင်၏အရေး ရှေ့နောက်တွေးလို့

တိုက်ကြွေးသည့်စာ တစ်မူသာလို့

ခုတ်ရာတခြား ရှရာတလွဲ

သူ့ရင်ထဲ၌ မူကွဲ၏။


သင့်ကိုယ်သင်ပေါက် အထင်ရောက်ဟု

ချီးမြှောက်ပင့်ရာ စကားသာတည့်

ရင်မှာအခြား မှုမထားစွာ

ခွင့်ရေးသာမှ ကပ်လှ၏။


သင်ကားကရုဏာ မုဒိတာဖွဲ့

မေတ္တာနဲ့ပင် ရှေ့နောက်ဆင်လည်း

ယူငင်လွဲက သင့်အားငါ့မှာ

သိလှစွာတ ချစ်ရာမမြင်

မြတ်နိုးကြင်ဟု မထင်လေနှင့်။


ဖောက်လွှဲဖောက်ပြား ကြောင်တရားက

ခေါင်းခါးလက်ခြေ ဥာဏ်ဖြင့်စေ၍

စိတ်မှာချင့်တွေး ကိုယ့်အရေးမှ

သင်တွေးကဗျာ အရေးပါမှု

လူတိုင်းရှုလည်း ကောင်းမှုစေရာ

ဤကမ္ဘာကား အတ္တများမြောင်

မြူခားဆောင်ရွက် မနှစ်သက်လည်း

ချစ်လျှက်နဲ့သာ ခွဲခွာရာ၏။


" သစ်ရိပ်ညို "

posted from Bloggeroid

ကိုယ်ရယ်ကြို့ရယ်ရေဗူးရယ်



” ကိုရယ်ကြို့ရယ် ရေဗူးရယ် ”


တအေ့အေ့ စဉ်တစိုက်

လှိုက်လို့ ထအော်။


ငါ့နှယ်ကွယ် မနှစ်မျို့စရာက

ကြို့ထိုး လို့နော်။


ရင်အမွေ့ တက်လို့ပေါ်

တကျော်ကျော် တအေ့အေ့။


ရေတစ်ဗူးဆောင်

ကြို့ပျောက်အောင် သောက်ကြည့်စမ်းတယ်

ဝမ်းထဲ အပြေ့(ပြည့်)။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကာရန်ကဗျာတေး



” ကာရန် ကဗျာတေး ”

( တေးထပ်)


မြန်မာ့မူ မြန်မာ့စကား

မြန်မာများ ချစ်လျှင်

သံစာသား ခေတ်အမြင်ဝယ်

စနစ်ယှဉ် ပန်ကြား။


နဘေကို စိန်စီသုံးပါလို့

စာသီကုံး ရေးဖွဲ့ သင့်သား။


ကာရန်ညီ သံသာကျွန်းရယ်က

စီမံသွန်း ဝင့်ကြွား။


ထံတျာညွှန်း ဆိုစကားဖြင့်

ထက်ဖျား ဝတိံသာ။


မြန်မာ့မူ မြန်မာ့သွေးတွေမို့

လက်ရေးငယ့် သဝဏ်တော်လွှာ။


နတ်ပန်းညွန့် ခိုင်ရွှေဝါ

ကြိုင်လှိုင်စွာ မွှေးကြူနမ်း

တေးမူနန်း မင်းမဟော်

ဆင်းကြွ ဂုဏ်ကျော်။


ကာရန်ချိုး ရွှင်ပျော်ပျော်ကွယ်

ညီနောင်ဖော် တေးစပ်စို့လေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကျုံ့ကျုံ့လေး



” ကျုံ့ကျုံ့လေး ”


မိုးချိန်းလို ဒေါမာန်ထွား

တအား ကြောက်ပါတယ်။


အသည်းငယ် အံမတု

နုနုနယ်နယ်။


တထိတ်ထိတ် တုန်တယ်

ပုဏ္ဏားငယ် ကွယ်ထား။


တံခါးလေးကြားဝယ်

မျက်လွှာငယ် အသာပင့်လို့

စိုးထင့် ကြောက်အား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကဗျာနန်းအလွမ်းအိမ်



” ကဗျာနန်း အလွမ်းအိမ် ”


ဖူးသစ်စီ ဋီကာချစ်

လွမ်းရစ်ရ သူပေ။


မိုးအကြွေ လေအခ

နိုးထ လွမ်းဝေ။


ချစ်မှူးအိမ် အလွမ်းရှင်လေ

စိုးစိတ်ထွေ တ ငေး။


လှိုက်အငို ရယ်ဖြင့်

ရှိုက်သလို ဆွံ့အထစ်ဖွယ်

ချစ်ရက် မဲ့ဆွေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကံစိတ်ငယ်ညစ်နွမ်း



” ကံစိတ် ငယ် ညစ်နွမ်း ”


အိပ်မက်ကို ပျားရည်ဆမ်း တော့

အလွမ်းက ကြွလာ။


သန်းကောင်ယံ ညဉ့်ငှက်ဆိုးတို့

အမျိုးမျိုး သံစာ။


အရုဏ်ဟာ

လာနိုင် လေခဲ။


ည ပုလွေ လွန်ခြောက်ခြား

လွမ်းဖျား တက်ဆဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကြိုရှုပ်လှင်မလှုပ်ကြနဲ့



” ကြိုးရှုပ်လျှင် မလှုပ်ကြနဲ့ ”


မြင့်ရာက နိမ့်ရာစီး

ရေ မြေကြီး သဘောပေ။


မီးများလျှင် မီးနိုင်ချင်ရဲ့

ရေများလျှင် ရေနိုင်လေ။


အမှားနှင့် အမှန်တွေ

အားပြိုင်နေ ပေမြဲ။


တရားသေ လက်ကိုင်ဆုပ်

အားထုတ် သင့်ဘဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ကြောင်းကျိုးဆက်နွယ်



"ကြောင်းကျိုးဆက်နွယ်"


တာဝန်ဟူသည်

ဝတ္တရားအရလော

အလုပ်ပေလော

စောင့်ထိန်းမှုလော

လက်ခံထားမှုလော

အခွင့်လက်ကိုင်လော

အသုံးချစနစ်လော

သတ်မှတ်ချက်လော မပြောလို။


ဘာသာသာသနာ့တာဝန်

အမျိုးအနွယ်...

တိုင်းပြည်...

မိသားစု...

လုပ်ငန်း...

လူ့ကျင့်ဝတ်...

အစစ အရာရာသော

"တာဝန် နှင့် ဝတ္တရား" ။


သင့်အား အဘယ်သူအပ်နှင်း

သင့်အား အဘယ်သူပေးစေ

သင့်အား အဘယ်သူ လက်ခံ၍

အတည်ပြု ကြသနည်း။


သင့်လုပ်ဆောင်မှု

သင့်တိမ်းစောင်းမှု

သင့်ပျက်ကွက်မှု

သင့်ရှောင်တိမ်းမှု

သင့်မျက်ကွယ်ပြုမှု ကို

ဘယ်သူကဲ့ရဲ့၊ ရှုံ့ချ ၊ အပြစ်ဖို့ လေသနည်း။


မိဘတာဝန် ၊ ဆရာ့တာဝန်၊

မိတ်ဆွေတာဝန် ၊ အလုပ်တာဝန်

အစစအရာရာ သည်

သင့်သဘောမျှသာ

သင်ပြုသည့်ကံ သင့်ထံသို့

"အကြောင်း"ရှိမှ"အကျိုး"ထင်သဘော

ဆက်စပ်ခြင်း နိယာမ

ဖြစ်တည်လေပြီ။ ။


စောင့်ထိန်း မေတ္တာ ၊ စာနာသနား

ပွားများကျိုးကုတ် ၊ အားထုတ်ခုံမင်

ဆင်ခြင်တိုင်းထွာ ၊ ကိုယ်မှာအင်အား

သင့်အားဘယ်ကြောင်း ၊ ဘာကောင်းကျိုးစေ

ဘယ်ခြေဘယ်ရေး ၊ ဆွေးနွေးဝေဖန်

ပြန်လှန်လှပ ၊ စောင့်ကြအကျင့်

ဒါသင့်တာဝန် ၊ ကျေပွန်စွာတည့် ။


" သစ်ရိပ်ညို "

ကြာနွယ်ရိုးချိုးလှည့်ပါ



" ကြာနွယ်ရိုး ချိုးလှဲ့ပါ "


နှင်းပျံ့ရည်

ဆွတ်ကာလူးမှ မြူးစွင့်လို့ဖြာ။


နံ့သာဦးပါကွဲ့

ချွေခူးမယ့် ပေဖူးလွှာမှာ

မူးမေ့စွာ ဝတ်ရည်ဖြိုးရင်ဖြင့်

ပျိုးလှနှံ့စွာ။


မွှေးနံ့သာ အေးမြလာပြီမို့

လှသွေးဖြာ ပန်းနုသန်းရှာရော့

မြန်းဆင်ပါတော့လေး။


တင့်ဆန်းစွာ

ငွေလွှာခပါတဲ့ လရောင်ချည်မှာ

မြဆောင်ဆီ အောင်သွယ်ပုံထူးတော့

မောင်မယ်ဆုံ ကြည်သာထွေးဖို့ရယ်

ညီညာရေး ဆွေးနွေးလျှက်သာပ

ရင့်ကျက်ဖို့လေး။ ။


" သစ်ရိပ်ညို "

ကောင်းအောင်သာနေစမ်းပါ



” ကောင်းအောင်သာ နေစမ်းပါ ”


နေ့သစ်ကို တူးပါလို့

နေ့ကူး ရက်ဖေါ်။


နေခူးခံ ပန်ရွယ်စူး

နေ့ထူး ဖြစ်ပေါ်။


ကံအလုပ် ကောင်းကျိုးမျှော်

ကောင်းဖို့နော် ရှေ့ရေး။


မင်္ဂလာ အခါရက်တွေ

ဆက်တည် ဖို့လေး။ ။


” သစ်ရိပ်ညို ”

ကြာလေချစ်လေစွဲမက်လေ



" ကြာလေ ချစ်လေ စွဲမက်စေ သည် "


အတတ်ပညာ ၊ ထွင်းဖောက်ရှာမှ

မြင်လာတံခွန် ၊ ရှက်စိတ်မွှန်မိ

အိပ်သွန်ဖာမှောက် ၊ စာရှုထောက်မှ

အံ့လောက်ဖွယ်ရာ ၊ မြန်မာစာက

ထင်စွာနက်ရှိုင်း ၊ သင်ခဲ့တိုင်းလည်း

တုနှိုင်းမြင့်မိုရ် ၊ တောင်ထွဋ်လိုသာ

ကြာညိုမြေရောက် ၊ ဘယ်လိုဖောက်၍

ရေအောက်ခြေက ၊ ဘယ်သို့စသည်

တွေးဆချင့်လဲ ၊ မြင်နိုင်ခဲမျှ

ယူဆွဲကြာနွယ် ၊ သိနိုင်လွယ်၏ ။


ထက်ဝယ်တိမ်ဟန်၊ ဘယ်သို့ဖန်လိမ့်

ကာရန်ကာဆစ် ၊ ဘယ်လိုဖြစ်၏

ချုန်းထစ်မိုးမာန် ၊ ဘယ်ကိုမှန်လိမ့်

ထင်ကျန်ဆေးရေး ၊ ဘယ်လိုရေး၏

မှန်းတွေးခက်ဝေ ၊ ရှိလှပေသို့

စာပေစာပျိုး ၊ စာဟန်မျိုးမှာ

စာချိုးစာအံ ၊ စာဖတ်သံနှင့်

စာခံစာထောက် ၊ စာပေမြောက်ပုံ

တည်ဆောက်စာပေ ၊ စွဲမြဲစေသို့

တွေးလေတွေ့လေ ၊ မက်မပြေတည့်။ ။


" သစ်ရိပ်ညို "

ကျေနပ်စွာလွမ်းခွင့်ပေးပါ



” ကျေနပ်စွာ လွမ်းခွင့်ပေးပါ ”


မကြင်သာ

ခင်ပါ လျက်လည်း။

မိုးထက်ဝယ် ကြယ်တစ်လုံးက

ပြုံးကြည့်နေ ဆဲ။ ။


အလှမ်းကွာ

လွမ်းပါ လျက်လည်း။

မိုးတိမ်တောင် အရောင်တောက်လို့

ဖြိုးမောက် ဆင့်ကဲ။ ။


မခေါ်သာ

မျှော်ပါ လျက်လည်း။

ငှက်ကယ်လူလို သံချိုနှော

ပြောပြ နေဆဲ။ ။


မမြင်ကွာ

ရင်နာ လျက်လည်း။

ပန်းဝတ်မှုန် ရွှေဖီမင်းရယ်

သင်းထုံနံ့ ကဲ။ ။


” သစ်ရိပ်ညို ”

ကျန်းမာရေး



" ကျန်းမာရေး "


အစားအစာ ၊ စားပြီးခါတွင်

တစ်နာရီအား ၊ ထိုင်၍နားခြင်း

ထသွားခြင်းတို့ ပြုသင့်သည်။


စားပြီးခဏ ၊ အိပ်ကြရာဝယ်

လျောင်းရာမှေးစက် ၊ ချဉ်ရည်ထွက်ကာ

အူထက်အနာ ပွားတတ်သည်။


အူမှာအနာ ၊ ဖြစ်တုံရာကား

ညစာညဥ့်လယ် ၊ အမယ်မယ်ကြောင့်


ချဉ်တယ်အူတွင်း ၊ အံထုတ်ခြင်းနှင့်

ခံတွင်းပုတ်နံ့ ပြင်းတတ်သည်။


စားချိန်မမှန် ၊ ညဥ့်နက်ယံနှင့်

တစ်ရံတစ်ဆိတ် ၊ စားပြီးအိပ်သော်


စိုးထိတ်နောင်တ ၊ ရောဂါရမည်

ဆန္ဒအလို အမှားတည်း။ ။


စားပြီးအီးပါ ၊ မပျင်းပါနှင့်

အစာသစ်ဟောင်း ၊ ဝမ်းတွင်းအောင်းသော်


ထောင်သောင်းပိုးမွှား ၊ မွေးမြူထားသို့

မွေးစားအဆိပ် ၊ ဝမ်းတွင်းအိပ်ကာ


ထိပ်ဝညစ်ကြေး ၊ ခြောက်သွေ့ထွေးကာ

ဖင့်လေးမထွက် ၊ ဝမ်းသွားခက်မည်။


သင့်တွက်ရေရှည် ၊ ဆီးဝမ်းလေတို့

မျှခြေအချိုး ၊ ရှိအောင်ပျိုးမှ


အကျိုးကျန်းမာ ၊ သက်ရှည်ပါမည်

ထိန်းရာဝင်ထွက် သဘောတည်း။ ။


" သစ်ရိပ်ညို "

ကျရာနေရာနှင့်အလုပ်



" ကျရာ နေရာနှင့် အလုပ် "


အပ်နဖား

အပ်ဖျားနှင့် ကိုယ်ထည်။


နောက်ပိတ်ဆုံး အတုံးရယ်နှင့်

လုံးသည့်ကိုယ်ထည်။


အပ်ထိပ်ဖျား ချွန်မြတယ်

ထိပ်ဖျားမယ် ချွန်ထား။


ခန္ဓာကိုယ် လိုရာရောက်အောင်

ထွင်းဖောက်အပ်သွား။ ။


အပ်နဖား မှာဖြင့်

ဖိတ်ကြားသည့် ချည်ငင်။


ထိပ်ဖျားက အပ်သွားတိုးလျှောက်

ထိုးဖောက်လို့ဝင်။


မိတ်ဆွေစစ် ပီပီပြင်

ကြိုးချည်ငင် ချည်ထည်သား။


ပေါင်းစပ်မျှင် ပြုပြင်ချုပ်တယ်

ကြိုးကုတ်အပ်များ။ ။


ဓားလှံများ ရယ်နှင့်

ပေါက်ဆိန်မြှား ထိုနည်းတူ ။


သင့်လျော်ရာ မိတ်ဆွေများတွက်

အားဖြည့်ဖေးကူ။


လက်ကိုင်နှင့် ဖျားရင်းမဟူ

သဏ္ဌာန်မတူ အင်အား။


ဦးဆောင်သူ နောက်လိုက်ကောင်းနှင့်

ကြောင်းသင့်လူသား။ ။


" သစ်ရိပ်ညို "

ကဗျာရေးကြမယ်



" ကဗျာရေးကြမယ် "


အချီအချ

ညီမျှစွာ ချုပ်ကိုင်။

စာပန်းချီ ပန်းပု မျိုးလို

ပျိုးသီရေးနိုင်။

အနုပညာ ဂုဏ်ရည်မြိုင်

ရသခိုင် အလင်္ကာမြောက်။

တွင်းစာကိုယ် ဥာဏ်စိတ်ကူးဖြင့်

မြူးထူးထွင်းဖောက်။ ။


ပန်းချီဆရာ စုပ်ချက်များသို့

ကလောင်အားစာစီ။

စာပန်းချီ မှင်ရည်ဆေး

သွေးကွဲ့ အရောင်ပီ။

အတိမ်နက် လင်းမှောင်ချီ

ရသမှီ ကလောင်သွား။

အက္ခရာ စာစီကာဖြင့်

ဌာနေရာ အလိုက်စွဲ

သည်းခိုက်ခံစား။ ။


ပရိယာယ် ဝေဝုစ်သို့

အဖြေထုတ် သုတစေ။

ဩကာသ လောကဘောင်က

တောတောင်ရေမြေ။

သင်္ခါရ အထွေထွေ

ခံစားစေ ရသများ။

သတ္တလို ပရိယာယ်ပေါတဲ့

လောကသုံးပါး။ ။


စာလုံးကို ရွေးချယ်ကောင်း

သောင်းပြောင်းရော မစေ။

ရည်ရွယ်ရာ လောကအား

ဦးစားပေး ရေးလေ။

ပုံသဏ္ဌာန် နိမိတ်တွေ

အသံနေ အသံထား။

ဂုဏ်အင်္ဂါ ရသသွင်းဖို့

ရွေးချယ်စဉ်းစား။ ။


နိမိတ်ကို ဦးတင်ထားက

ရောင်ဆင်းခြား ပုံသဏ္ဌာန်

ရောသွင်းသင့်မှန်။

နဘေသံ အက္ခရာထပ်ဖြင့်

ရောစပ်သည့် အသံ။

သာယာဖွယ် မှတ်သားရန်

ဝဂ်တူသံ အက္ခရာများ။

ယမက စပ်ပုံသုံးလျက်

လုံးဆင့် ကျော် လုံးထပ်ဖွဲ့လျှင်

လှတဲ့စာသွား။ ။


ပန်းပု မှာ လက်ရာလှ

ဖုဆစ်ကြွ ရုပ်လုံးပေါ်။

ချစ် မုန်း သနား ရသများ

စာသားနှင့်ပုံဖေါ်။

အနုပညာ ခံစားသော်

ဗီဇတော် ဥာဏ်စွမ်း။

ချက်ကျကျ ကွက်လှပတော့

လှယဉ်တင့်ဆန်း။ ။


အနုပညာ ထိုသဘောက

စစ်ကြောတော့ ရသမြိုင်။

ရသကို ကိုယ်ခံစားလို့

ဆင့်ပွားပြ ပိုင်ပိုင်။

ခံစားချက် သက်ဝင်နိုင်

မနောစိုင် လှုပ်ရှား။

ကူးပြောင်းခြင်း ထိုသဘောမှာ

မျောလွင့်စေသား။ ။


ကွက်ကွက်ကွင်း ပီပီသ

အချိုးကျ ရုပ်လုံးဖေါ်။

သဏ္ဌာန်လုပ် သရုပ်ပြ

ရုပ်လုံးကြွပေါ်။

ပန်းပု သို့ ထုဆစ်သော်

စာပေကျော် ပညာများ။

အတိမ်နက်ဆင်း အလင်းမှောင်

နီးဝေးအရောင် ပန်ချီဆေးလို

စာသွေးလို့ထား။ ။


စာပန်းချီ သီဆိုကြွေး

စာအသွေးနှင့် အရောင်။

အက္ခရာ စာကိုစပ်တော့

ထင်ဟပ်တောက်ပြောင်။

ဆို တီး က သဘင့်ဘောင်

ဖန်တီးဆောင် ရသပေး။

ဆင်းရူပါ သဒ္ဒါမှန်ဖြင့်

စာဟန်ရည်သွေး။ ။


ပန်းတိမ်ဆရာ ရွှေထည်သ

ရတနာလှ ကျောက်မျက်စီ။

အသွေးရောင် နုရင့်အဆင်း

ချိန်တွယ်သွင်း ရတီ။

အရွယ်စား နေရာဌာနီ

သဏ္ဌာန်သီ တန်ဖိုး။

အလင်္ကာ စပ်ဆိုညွှန်းပါတော့

ခွန်းဆင့်စာချိုး။ ။


" သစ်ရိပ်ညို "

ကြာပန်း



" ကြာပန်း "


ကြာနွယ်ရှင် ရွှေနွယ်ရိုး

ကန်ရေတိုးပြီကွာ။


ရေအတိမ် အနက်ဆင်း

တက်ဆင်းရမှာ။


ရွှေမိုးရယ် ရွာ

နွေခါမှဟုတ်ဘဲ။


တင်ရေဆင် ရွှေကြာရိုးရယ်

တိုးလို့နေဆဲ။ ။


ကြာဖြူကြာနီ ကြာညိုလန်း

ရွှေကြာပန်း စုံညီ။


ကြာရိုးကြာနွယ် ကြာညိုဆွဲလို့

လည်ရွဲပန်းကုံးသီ။


ပြုံးပန်းလှ ဖူးငုံစီ

ဝန်းပတ်လည် ရောင်သွေး။


ကန်ရေကြည် သည်တစ်မိုးမှာ

ပန်းချိုးစို့လေး။ ။


" သစ်ရိပ်ညို "

ကိုယ်တစ်ကယ်ချစ်ရဲ့လား



" "ကို"တကယ်ချစ်ရဲ့လား "


ဆောင်းနှင်းငွေ့ ရိုက်ခတ်ရင်း

စိတ်လှုပ်ရှား ခဲ့ဖူးတယ်

ပုဇင်းရင်ကွဲ အပျော်ကြူးတဲ့ည

တွင်းအောင်း ပုရစ်တို့ အဖေါ်ရှာည

တိုးတိုးတိတ် ပြန်သတိရပေါ့ ..........


နွေဦးအကြို သုတ်တဲ့ လေပွေပြင်း

ရင်ထဲသို့ မြင်းကိုးကောင် တို့

ကဆုန်စိုင်း ဝင်လာသယောင်

တံလျှပ် နဲ့ ရေ ကွဲပြားပေမယ့်

လှုပ်ရှားသွားတာ အချစ်လားပေါ့ ...........


တိမ်တောင်ဆင် ဆင့်ရင်း

ဆင်းလာတဲ့ လေညင်း

လေပြင်းအသွင် ပြောင်းတတ်ပြီ

မုန်တိုင်းဆင် လေပြင်းနဲ့ ကပ်ပါလာတဲ့

ကောင်းကင်ရဲ့ ချွေးသီးချွေးပေါက်များလား..........


အော်လိုက်တဲ့ ငိုသံပြင်းပြင်းတစ်ချက်

လျှပ်စီး မိုးခြိမ်းသံ ဆိုရင်

အမြဲ ကြောက်ပြတတ်ရှာ တဲ့ "သူ"

မိုးသည်းပန်း ရဲ့ အချစ်ဦး

ပြေးလွှားဆဲ မိုးရေစက်တို့

တခါတရံ ... လမ်းမပေါ် လိုလို...

တခါတရံ ... ခေါင်မိုးထက် လိုလို...

တကယ်တမ်းမှာ ...

ချွေချခံ နှလုံးသား သစ်ရွက် လို့ များ....

သူသိလေမလား........

မျက်လုံးစိမ်း မေးခွန်း တစ်စက

အသက်ဝင်လာတယ်...

"ကို"တကယ်ချစ်ရဲ့လား တဲ့...........။


"သစ်ရိပ်ညို"

ကျေနပ်ပါတယ်



” ကျေနပ်ပါတယ် ”


ယုံကြည်အောင် လှည့်စားပေမယ့်

ဂလဲ့စား မချေ။


သူပြောင်းလဲ ဝမ်းနည်းဆို့ဆို့

လမ်းခွဲ လို့လေ။


ပီတိတွေ

တည်နေတယ် ရင်ထဲ။


ပစ္စုပ္ပန် ငါ့နောင်တ

လှပ နေဆဲ။ ။


” သစ်ရိပ်ညို ”

ကြည်စားလွန်းသူ



” ကြည့်စားလွန်းသူ ”


မျက်တောင်ညွှတ်ကော့

ခပ်ဖျော့ဖျော့ နဲ့

မော့ကြည့် လိုက်ရှာ လေမာယာရေ။


ပါးမှာ ဆွတ်ခူး

လေပြေ လူး လို့

ကြည်နူး ပီတိ ငါ့မှာ ရှိပေါ့။


မျက်စိ ဝိုက်လည်

မျက်ဝန်း ငယ်ကို

ပြုံးရယ် သယောင် ချော့မြှူဆောင်၏။


မျက်တောင် အခတ်

လေ အဟတ် မှာ

ဖျပ်ဖျပ် လှုပ်ကာ ရှာမိသည်။ ။


” သစ်ရိပ်ညို ”

ကြင်နာတတ်သောပန်းဥယျာဉ်



" ကြင်နာတတ်သော ပန်းဥယျာဉ် "


သင်၏နေရာ ၊ ပန်းကမ္ဘာမှာ

ကြည်သာရွှင်အေး ၊ ရနံ့မွှေးဖြင့်

ရောင်သွေးစုံစွာ ၊ ရမ်းညိုပြာနှင့်

နီဝါဖြူနက် ၊ လိမ်းကျံဖက်၍

ပွင့်ရွက်ဖုံဖုံ ၊ ပန်းစုံစုံတွင်

ငုံငုံပွင့်ဖူး ၊ သင်းပျံ့မြူးတည့်။


သာယာခညောင်း ၊ စာသင်ကျောင်းတွင်

သားကောင်းဇာနည် ၊ စုံအညီတို့

ဥာဏ်ရည်ဥာဏ်သွေး ၊ မြှင့်တင်ပေးလျက်

စာရေးစာဖတ် ၊ ပညာတတ်ကာ

စာတတ်လိမ္မာ ၊ ရတနာတို့

ဖွားရာဋ္ဌာန ၊ မြတ်ဒေသတည့်။


ရောင်စုံလိမ်းကျံ ၊ ပန်းမျိုးမှန်က

နိမ့်စံပန်းပွင့် ၊ ပင်ယံတင့်နှင့်

နိမ့်မြင့်ရွယ်လတ် ၊ ဂုဏ်ပြသာဒ်တို့

ပလပ်သည့်မြေ ၊ ဥယျာဉ်ပေတည့်။


လူ့ပြည်လူ့ရွာ ၊ ဝင့်ထည်ရာကား

ပညာသည်သာ ၊ ကြိုးစားရာဟု

ပညာတန်ဆောင် ၊ မီးရှုးရောင်သို့

ထိန်ပြောင်ဝင်းလက် ၊ ထွန်းလင်းလျက်တည့်။


" သစ်ရိပ်ညို "

ကောင်းမှုဆင့်ကမ်းမပင်ပန်း



" ကောင်းမှုဆင့်ကမ်း မပင်ပမ်း "


ကိုယ်ချင်းစာနာ သူ့နေရာ

တဖန် ရောက်တဲ့ခါ။


ဆင့်ကာဆင့်ကာ ဘဝများ

စာနာ မေတ္တာပွား။


နည်းနာယူကြ များသူငါ

ခေတ် အဆက်ဆက်ပါ။


စိတ်ပုတ်စိတ်ယုတ် မွေးပါနဲ့

လိမ္မာ ကြစေကွဲ့။


ကိုယ့်ဝန်ကိုယ်ထမ်း လျှောက်လှမ်းတာ

ဘဝပေး တိုင်းသာ။


သာယာမှုတွေ ဝေးကွာမှ

သတိရ ရှာကြ။


စိတ်ကောင်းရှိမှ တနည်းသာ

ဘယာ ဘေးကင်းကွာ။


သိဥာဏ်ကြွယ်သူ လူအများ

မြင့်မြတ် ကြစေသား။


" သစ်ရိပ်ညို "

ကြယ်စင်ကြွေပျောက်



" ကြယ်စင်ကြွေပျောက် "


သောင်ပြင်မကျ မြစ်မကျ့

ခြေချငုတ်တို ကျောက်ထုတ်တိုထက်

စာတိုပေစ ကဗျာလှလည်း မရေးနိုင်။


ကမ်းပါးယံထိပ် အငူထိပ်

ကုန်းထိပ်ပေါ်သွား ကလောင်သွားဖွဲ့

အခြေနွဲ့ပါး စိတ်သွားတိုင်းလည်း ကိုယ်မပါ။

ပင်ယံထိုးဖောက် ကောင်းကင်ရောက်

နတ်လာက်စွမ်းကာ ရှိနေပါတဲ့

ပညာစကား ရည်ရွယ်ထားလည်း မပါးနိုင်။


တွေးမချိဗျာပူ

စိတ်ရှိလှ ဘယာဆူတယ်

ရန်မူရင် ခက်သေး။


အမျက်ဆေးက ချိုချို

မာယာပို ကျွမ်းခင်လိုက်သော်လည်း

မဆုံထိုက်ကွဲ့လေး။


" သစ်ရိပ်ညို "

ကျန်းမာရေးသည်လာဒ်တစ်ပါး



" ကျန်းမာရေးသည် လာဒ်တစ်ပါး "


လိုတရ စေ

ဇာတိစ မရဏဘုံခွာ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာသော

အာရောဂျံ မရမံ လာဘံ

အာယုခံ ကြောင်းမှန်ခင်းက

သက်ရှည်ခြင်း ဆင်းလှတယ်

စိတ်ချမ်းမြေ့ဖွယ်။ ။


ဂုဏ်မာန ထွေ

သေဘေးတွေ မကြုံသမျှ

မတွေးကြ စိတ်ဘဝင်

ဆင်ခြင်ဥာဏ် လက်လှမ်း

ထက်တန်းကျ သက်ရှည်ရန်မှာ

စိတ်ရွှင်သန် ကျန်းမာအချုပ်

ကံအလုပ်ကွဲ့လေး။ ။


ဇရာအို ပြို

ဘာလိုလို တစ်ရက်ကြီးခါမှ

သေချိန်နီး လှမ်းတက်ချီ

ကျွမ်းစိတ်ရည် ဗျာပါပူလို့

တဏှာဆူ သည်းဘဝင်နှလုံးကို

ခါခါယူ စိတ်ကြည်လန်းဖွယ်

ဖမ်းကွယ့်စိတ်လေး။ ။


လေပြေသော့သော့

ဟန်ကျော့တဲ့ ရာသီခွင်

ထင်မြင်မြန် ဆန်းကာဖောက်တဲ့

ရှေ့တောင်မြောက် နောက်လေဆင်

ပူအေးလျှင် သိုင်းခြုံထောက်

ထိုင်းစိုခြောက် ကိုယ့်နေရာ

သင့်တော်ရာတဲ့ရွေး။ ။


ဒါနတွေးစရာ

ကိုယ်ရေးမှာ ဝမ်းစာပူရ

ကြိုတွေးကာ စားနေကျတော့

အားရှိမှ သဒ္ဓါဆူတယ်

လှူဖေးကူ အားအင်ညှိ

စားလျှင်သိ ဆေးအစာပြင်

ဆင်ခြင်လို့ထိန်း။ ။


ရောဂါ ကြိုကု

ကံစိတ်ဥတု အဟာရ

ပိုင်နိုင်လှ လေးချက်လုံး

မျှတစွာ ယူသုံး

တည်ငြိမ်မဆုံး အေးချမ်းစေ

ဘေးဘယာတွေ ဘဝမှာကင်း

ဇာတိခြေ မယွင်း တကယ်ပြေလို့

ဆရာကဝေ ကုသပေးဖို့ရာ

မှိုင်ငေးမယ့် ကိန်း။ ။


" သစ်ရိပ်ညို "

ကစားနည်း



" ကစားနည်း "


ဘောလုံး လေးကို ကိုင်ကာပစ်တော့

ဘတ်စကက်ဘော ဖြစ်သွားတယ်။


ဘောလုံး လေးကို လက်နဲ့ပုတ်တော့

ဘောလီဘောပုတ် ကစားတယ်။


ဘောလုံး ကိုကွယ် တုတ်နဲ့ရိုက်တော့

ဂေါက်ရိုက်ကစားနည်း ဖြစ်သွားတယ်။


ဘောလုံး ကိုတည် ခြေကန်ပေးတော့

ဘောလုံးကန်လို့ ခေါ်ကြတယ်။


ဘောလုံး လေမှာ ခြေကန်မြှောက်တော့

ပိုက်ကျော်ဘောလုံး ကစားတယ်။


ကစားမယ် ကစားမယ်။


" သစ်ရိပ်ညို "

ကိုယ်ကျိုး

" ကိုယ်ကျိုး "


ခက်တော့ခက်သား ၊ တဖက်နားရောက်

အမှားထောက်သော် ၊ မသင့်လျော်တည့်။


မလျော်မကန် ၊ သူ့လုပ်ဟန်ကို

ပြင်ရန်သော်ကား ၊ မရှိငြားတည့်။


အမှားသတိ ၊ တရားရှိအောင်

ပေးသိပြန်သော် ၊ တုန့်ပြန်ဆော်၏။


မြင်မြော်သိုင်းဝိုင်း ၊ ပြင်ဖို့ခိုင်းလည်း

ပြင်တိုင်းခဏ ၊ ပြန်ပြုကြ၏။


ငွေတစ်မျက်နှာ ၊ တဖက်သာကြည့်

သူ့တာဝန်ထမ်း ၊ သူတို့လမ်းတွင်

မှားမှန်းမှန်မှန်း ၊ မဝေခြမ်းပဲ

ဆင်ကန်းတောတိုး ၊ လုပ်ရပ်ဆိုးဖြင့်

ကိုယ်ကျိုးတွက်သာ ၊ ကိုယ့်တွက်ရှာသော်

ပြည်ရွာတဝှမ်း ၊ မငြိမ်းချမ်းတည့်။ ။


" သစ်ရိပ်ညို "

ကောင်းသောအလုပ်



" ကောင်းသောအလုပ် "


ပညာတတ်သိ ၊ ပညာရှိ ၊ အသိ မြဲခိုင်မာ။

ဥစ္စာစောင့်ထိန်း ၊ ချမ်းသာငြိမ်း ၊ ထိန်းသိမ်း မြဲတတ်လာ။

ဒါန၏လမ်း ၊ မပင်ပန်း ၊ လှူဒါန်း ရဲတတ်တာ။

သီလအမှန် ၊ မြဲရှင်သန် ၊ ကျင့်ကြံ ရဲတတ်ရာ။

ဘာဝနာ`အား´ ၊ မှန်တရား ၊ ပွားများ ရဲတတ်စွာ။


ပညာသာရှိ ၊ အသိကြွယ်သည်။

ဥစ္စာရရှိ ၊ ပေါပြည့်ကြွယ်သည်။

ဒါနစခန်း ၊ လှူဒါန်းလွယ်သည်။

သီလရင့်သန် ၊ ကျင့်ကြံလွယ်သည်။

ဘာဝနာ`အား´ ၊ ပွားများလွယ်သည်။ ။


" သစ်ရိပ်ညို "

ကျောင်းပျော်လေးများ



" ကျောင်းပျော်လေးများ "


ဒေါင်ဒေါင်ဒင်ဒင် ကလင်လင်

ခေါင်းလောင်းသံလေး ချိုလွင်လွင်။


"မင်္ဂလာပါ" ဆရာမ

ညီညီညာညာ နှုတ်ဆက်ကြ။


ဆရာမလေး ရပ်လို့ပင်

စာသင်ခန်းရဲ့ အရှေတွင်။


"မင်္ဂလာပါ"တပည့်များ

အားလုံးထိုင်ပါ သူပြောကြား။


စာအုပ်များကို ထုတ်ကြပါ

စာသင်ခုံရဲ့ အပေါ်မှာ။


စာလုံးကလေး ဝိုင်းစက်ထွေး

ပီပီသသ လှအောင်ရေး။


စာမျက်နှာလေး ထိပ်ဆုံးမှာ

နေ့စွဲတပ်လို့ ရေးကြပါ။


သေသေချာချာ မှတ်လို့ထား

စည်းကမ်းတကျ စာကြိုးစား။


ကျောင်းစာများကို ရှင်းပြရာ

ဂရုတစိုက် နားထောင်ပါ။


မှတ်ဖွယ်မှတ်ရာ သင်စာများ

ပိုင်ပိုင်နိုင်နိုင် ရေးမှတ်သား။


လူတော်လူကောင်း ဖြစ်ချင်ရင်

နိုးနိုးကြားကြား ကြိုးစားသင်။


ပျော်ပျော်ရွှင်ရွှင် စာသင်ကြား

သားသားမီးမီး တပည့်များ။ ။


" သစ်ရိပ်ညို "

ကြံကြပါလိမ့်မယ်



” ကြုံကြပါလိမ့်မယ် ”


နိုင်ငံတော် တခဏနဲ့

ပျောက်ရှ မသွားပါ။


တို့ဘာသာ ထို့တူပဲ

စွဲမြဲ ခိုင်မာ။


သာသနာ ဖျက်သူတွေသာ

တွေ့မှာပါ ငရဲ။


တို့ရင်တွင်းမှာ ဖြင့်

တို့ဘာသာ သာသနာတွက်ကို

စောင့်ရှောက် လျက်ပဲ။ ။


” သစ်ရိပ်ညို ”

ကြင်စဦး



" ကြင်စဦး "


နံနက်စာ ပျိုမေချက်

ကိုနှစ်သက် စွဲမက်စရာ

ခင့်ရဲ့လက်ရာ။

မွှေးပျံ့ကြိုင် ရနံ့သင်း

ထမင်းဟင်းလျာ။


အိမ်ဦးနတ်တွက် ခပ်လို့ခူး

စားဖွယ်ဦး ပြင်ဆင်ကာ။

ခင်ချက်တဲ့ ခင့်လက်ရာမှ

မောင်ကကြိုက်တာ။


ဘူးသီးနှင့် ဝက်သား

ငါးငပိ တို့စရာ။

ငါးခြောက်ဖုတ် ဆီဆမ်းထားတော့

စားပြီပေါ့ကွာ။


စားချင်စဖွယ် စုံလင်စွာ

မောင့်အကြိုက်ချည့်သာ။

အားပါးတရ စားပြတာဖြင့်

မောင့်ဝါဿနာ။


ထမင်းဝိုင်း တူယှဉ်မခွာ

ယူငင်ကာထဲ့ကြွေး။

သုံးထပ်ညီ ဒီဝက်သားကို

စားလိုက်မယ်လေး။ ။


" သစ်ရိပ်ညို "

ကာရန်



" ကာရန် "


ကဗျာတွေး ရေး

တေးလေးဖြင့် အဖော်ခေါ်

ရွှင်ရွှင်ပျော်ပျော်။


ထင်ပေါ်ပေါ်

မတော်လျော် မရေး။


ကာရန်ကို စံသာပြု

သုခုမလေး။ ။


" သစ်ရိပ်ညို "

ကျောင်းတုန်းက



" ကျောင်းတုန်းက "


နုသားဖြူ လပြည့်ဝန်းသို့

အိရွှန်းလဲ့ မျက်နှာရှင်

ချစ်စရာ့ခင်။


ပြုံးတုံ့တုံ့ လှရိပ်ဆင်

မြင်သူလျှင် ရှုငေး။


ပန်းနုငုံ ဖူးပုံဆန်းတယ်

နန်းကျော့ယဉ်သွေး။ ။


" သစ်ရိပ်ညို "

ကြင်ဖေါ်



" ကြင်ဖေါ် "


ကံဇာတ်ဆရာ အလှည့်ပြောင်း

ကောင်းမကောင်းထွေထွေ

သောင်းဗြောင်းလှ အခြေနေဝယ်

ဖြေမပြေနိုင်သေး။


ဘဝတွက် ပြင်ဆင်ထားပေမယ့်

ဆင်ခြင်အား နုနယ်လို့လေး။


သံသရာ နေ့ညပြောင်းသလို

ကောင်းဆိုးတွက်ကြိုတွေး။


အားမာန်စုံ ကြိုးစားရေးပေမို့

ကံဝဋ်ကြွေးကြောင့် မလူးလွန့်သာ။


ကင်းကညွှတ် ရစ်တဏှာဝယ်

သဒ္ဓါစုံ လွန်မြတ်နိုးကြ

မာယာပျိုး သမုပျော်

ဝဲဂယက်နော်။


တွဲဆက်ဖို့ လက်လှမ်းခေါ်လျှင်

ယက်ကန်းတော် လွန်းထိုးသို့လေး။ ။


" သစ်ရိပ်ညို "

ကျေးလက်စိုက်ခင်း



" ကျေးလက်စိုက်ခင်း "


ဝါနှီးကို သုံးပါလို့

ရေပုံး၌ စစ်စီးတင်။


ချဉ်ပေါင်လျှော် ကျစ်သည့်ကြိုးဖြင့်

ရေခပ်ပုံး ကြိုးဆင်။


ရေတွင်းငယ်တွင်

ကရွတ်ခွင် ဝါးခွေရက်။


ပျိုးခင်းတွေ ရေတင်ပေးတာ

စိုက်ပျိုးရေး တွက်။ ။


ဘူး ဖရုံ မုန်လာ သခွား

မုန်ညင်းခါး ပန်းဂေါ်ဖီ။


ငှက်ပျော ကြံ ပြောင်း ဖရဲ နှင့်

ပဲမျိုးစုံညီ။


ကြက်သွန် အဖြူအနီ

ပူစီနံ ငရုတ် ဂျင်း။


ချဉ်ပေါင်ညို ခရမ်းရယ်နှင့်

ပန်းနှမ်း မုန်ညင်း။ ။


" သစ်ရိပ်ညို "

ကာရန်စာစီ



" ကာရန် စာစီ "


ကဗျာကို

စာဆိုရေးပါ စို့

ကာရန် လေးနဲ့ချယ်။


ကာရန် ရဲ့သဘောမယ်

မှတ်မိလွယ် စနစ်များ။


နှလုံးသား သံစဉ်မျိုးကို

ချိုးသီဖွဲ့ထား။ ။


" သစ်ရိပ်ညို "

ကူညီဝိုင်းလို့မှုင်းမတော်မူကြပါ



" ကူညီဝိုင်းလို့ မှိုင်းမတော်မူကြပါ "


ညိုတိုတို

ငိုမလို မျက်နှာထား

တက်ရေမှာ ပတ်လည်ဝိုင်းတယ်

လှိုင်းနဲ့ရေကြား။


မှိုင်းပါနဲ့ မိုးဒေဝါ

ညှိုးအာကာ ရွာတကြောကို

တိုးကာရွာ တသောသော မို့

သက်လုံးရှာ ဥစ္စာမျော တယ်

အောတိုက်ပါသွား။


အင်းကောတော့ လှေမယူ

ကောလင်းမတော့ ရေဆူနစ်တယ်

စိတ်ညစ်ကွဲ့လေး။


မိတ်သစ်မဟာ

စိတ်နှစ်ကာ လာကူကြ

စံနမူပြ ပရဟိတ တစ်ခွင်

များလှူရှင် ပေါင်းစည်း ညီညာစုတယ်

သာဓုကွဲ့လေး။ ။


" သစ်ရိပ်ညို "

ကွေးသောလက်မဆန့်ခင်



" ကွေးသောလက် မဆန့်ခင် "


ငါ့ ရဲ့ ဘ ဝ ၊ မ ရှိ ခ ဏ

သိ ကြ အ များ ၊ ရ ရ စား စား

ဝါး ဝါး မြို မြို ၊ ပို ပို လို လို

မ ဆို စ လောက် ၊ ဖွေ ရှာ နှောက် လို့

သင့် လောက် သာ သာ ၊ ရ နေ ပါ ၍

ဝမ်း စာ ပြည့် ဝ ၊ ငါ့ ရဲ့ ဘ ဝ ။


ဒါ န အ လှူ ၊ ပေး ဝေ လှူ ဖို့

ကြည် ဖြူ ရင် ထဲ ၊ ရှိ နေ မြဲ လည်း

ရှိ ဆဲ ခ ဏ ၊ ငါ့ ဘ ဝ မှာ

ခု ရ ခု စား ၊ ထွေ ရာ ပါး လျ

စိတ် ထား ကြည် ရွှင် ၊ မ ပူ ပင် လှ

ပို လျှင် ဝေ ငှ ၊ ဒါ န အ လှူ ။


နောင် ဘ ဝ မျိုး ၊ ရည် မျှော် ကိုး ၍

ကိုယ် ကျိုး မ ရှာ ၊ စိတ် ကောင်း သာ ပွား

မိ စ္ဆာ မ ပေး ၊ မြှင့် တင် ရေး မှာ

တွေး တွေး ဆ ဆ ၊ မျှ မျှ တ တ

တိ ပ အ ကျင့် ၊ စိတ် နေ မြင့် မူ

ယူ ကျင့် ခ န္ဓ ၊ နောင် ဘ ဝ မျိုး ။


သေ လှ တတ် ရေး ၊ ဖြူ စင် အေး စေ

နေ ရေး ဘ ဝ ၊ တ ခ ဏ သာ

ရွှင် ပြ ကြည် သာ ၊ ကောင်း ရာ ရှာ လို့

ကောင်း တာ ကို ပြု ၊ ကောင်း ရာ သု တ

ကောင်း မှု ပ ညာ ၊ ကောင်း ကျိုး ဖြာ ငြား

ကောင်း စွာ သု ခ ၊ ဘုံ ဘ ဝ တွင်

သေ လှ တတ် ရေး ၊ တ ဏှာ ဝေး လျှက်

ကွေး သော လက် လေး ၊ မ ဆန့် ခင်

ဆန့် သော လက် လေး ၊ မ ကွေး ခင် ။ ။


" သစ်ရိပ်ညို "

ကတ္တီပါဘိနပ်စီးရွှေထီးလေးဆောင်း



" ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းစေ "


ချစ်သည်းပျို

ပြုံးချိုချို မျက်နှာထား

သက်ထားခင် ငယ်နှမ

ဘယ်ကြွခြေ ညာခြေကြွဟန်က

ဆင်မယဉ်သာ။


ယဉ်စစ ခင်ကညာ

ညင်သာစွာ လျှောက်လှမ်း

ဆင်ခြင်ကာ အသာလျောင်းစက်

မင်္ဂလာအပေါင်း တက်သည့် ဣိတ္ထိယာ

ကောင်းခြင်းငါးဖြာ။


အသံသာ

ဆံနွယ်မှာ ကျော့ရှင်း

ပျော့ဝါဝင်း အသားရောင်

ဖြောင့်စင်းအရိုး သွားအလှစေတယ်

အသားတွေ ညီမွတ်ဝင်း

မြမျက်ဝန်း လဲ့ဝင်းဖြာ

ဆင်းအင်္ဂါ ပြည့်စုံထင်လို့

လျှောက်လှမ်းလျှင် လေယူရာ

ယိမ်းနွဲ့ကာ ပါဖို့လေး။


အဆင်ငြိမ်းစရာ

ထဘီအင်္ကျီမှာ ပိုးကြာချိတ်တို့ဖြင့်

အဖိုးမှာထိပ် မဟာဆန်လှတော့

ကတ္တီပါ ဖိနပ်စီးစေလို့

ရွှေထီးလေး ဆောင်းပေါ့ခင်ရယ်

ပေါင်းကျော့ယဉ်သွေး။ ။


" သစ်ရိပ်ညို "

ကျမ်းဂန်ကယ်မှ



" ကျမ်းဂန် ကယ်မှ "


တို့ရွာက ကိုလူလှ

ရိုးအလှပေ။

စာပေနယ် ကျမ်းဂန်ပြ

ကြောက်ရွံ့တတ်ပေ။

မင်းမှူးမတ် အထွေထွေ

သူ့မလေရှောင်ပုန်း။

မင်္ဂလာ လှူဖွယ်ရေး

ဆေးတဲ့ပန်းကန် လုံး။

လူလုံးပြ အလှဆင်

ရွံ့ တဲ့သူ့သွင်။

ဆေးမန်းဝင် ပုံပြင်ပြ

သိပ်​သဘောကျ။

ဆိုးသွမ်းပေ့ ကိုလူမော်

ကွမ်း ဆေး အရက် ဖေါ်။

မြှောက်ပင့်ခေါ် ကိုလူလှ

ကျွမ်းဝင်လာရ။

သင်ပြလို့ ဖေါက်သည်ဖေါ်

မူးရစ်လို့အော်။

ရွာဆော်လည်း မနေရ

တော်တော်ဂွကျ။

ရွာဦး​ကျောင်း ဆရာ​တော်

လက်​​လျော့​ပေါ့​နော်​။

သူကြီးလည်း မနေရ

ခက်လှပြီပ။

မဖြစ်ချေ ဒီကလေး

သူ့ရဲ့ နောင်ရေး။

ရွာရေးမို့ ဆရာတော်

ပြောရပြီနော်။

လူလှကို စာဝါချ

ခေါ်သင်ပေးရ။

ငယ်လတ်ကြီး တန်းလွန်သော်

ရွာရဲ့ လူတော်။

ကျော်ပါလေ့ ဂုဏ်သတင်း

မွှေးပျံ့ ကြိုင်သင်း။

အသင်းနဲ့ ခပင်းရယ်

ခွဲခြားတတ်လွယ်။

မူရင်း အခြေခံက

လူပင်း မသွေမှန်မှ

လူ့ရွာမြေ ပလီလွန်းတယ်

ဝန်းကျင်ကောင်းမှ။ ။


" သစ်ရိပ်ညို "

ကမ်းပင်လယ်



" ကမ်းပင်လယ် "


ပင်ပန်းတယ်

သင်နွမ်းနယ် နားခိုရန်မတော့

ကမ်းပင်လယ် လှမ်းကြိုရံပါတဲ့

ဇီးမှော်နဲ့ ငွေဆောင်ရွာ

ဒွေးမနော် ငွေတောင်ပြည်ကဲ့သို့

ဖြစ်တည်ကြဟူ။


ကွန်းခိုခြင်း ကြံစည်ရာ

အိုးရှင်းနဲ့ဆန်နီမှာ ပါရာဒိုက်စ်

မက်စ် ဧရာရွှေမြေ နဲ့

အေဘီစီ ကမ္ဘောဇတို့လို

ဟိုတယ်များ ပေါလှစွာ

မက်မောစရာ ဘုံသာနန်း

ငွေမပန်း ချင်ရင်တော့

ရွာတန်းတွင် အိမ်လုံးပြတ်

ငှါးထပ်လို့ယူ။


သွားကြစို့ ငွေဆောင်သာ

စိမ်းလဲ့ပြာ လှိုင်းရေဖွေးလို့ရယ်

ကမ်းခြေအဝေး ပြန့်ဝိုက်ဝန်းသာစွ

ငှက်သိုက်ကျွန်း မဝေးလှသနော်

တွေးလို့ပျော် ကျောက်ဖြာခင်းတာက

မိုးမြင့်မျှော် တောင်ပေါ်ကျွန်းကဲ့သို့

ပင်မြင့်ပြွမ်း ပေါက်ကာတင်းလှတဲ့

ချောက်ကြည့်ရင်း လှစ်ဟကြူစရာက

ချစ်သူများကျွန်း။


လှမ်းကြည့်သော် မော်တင်စွန်းက

တခေါ်ယွန်း ပိုင်နိုင်စွာကွဲ့

ဆိုင်ကယ် ကယ်ရီယာကများသနဲ့

သွားချင်တဲ့ ခရီးလိုရာ

အပြီးဆိုပါ လိုက်ပို့ ရှင်းပြတတ်သလို

ပင်လယ် လေညင်း လေးခံ

ဇင်ယော် ငှက်တသင်း တေးသံလွှမ်းလှတယ်

နန်းငွေဆောင်ညွှန်း။ ။


" သစ်ရိပ်ညို "

ကဗျာဝိညာဉ်



” ကဗျာဝိညာဉ် ”


မှင်ရည်ကျဲကျဲ ကဗျာပဲ

စိတ်ထဲ ပျော်သလို။


နေ့စဉ်လိုလို ဘဝကို

ဘယ်လို လျှောက်မလဲ။


မလျှောက်ဘဲလဲ မနေဘဲ

အမြဲ ကြိုးစားလို။


မပြောမဆို ရွှေနှုတ်သို

ပိုမို ကြိုးစားဆဲ။


ငါနဲ့ငါပဲ တစ်ယောက်တည်း

ရင်ထဲ ဖြေသိမ့်လို။


တေးသွားချိုချို ကဗျာကို

ရွတ်ဆို တစ်ယောက်တည်း။ ။


” သစ်ရိပ်ညို ”

ကျောင်းပျော်လေးများ



” ​ကျောင်း​ပျော်​လေးများ ”


ကျောင်း တက်​ ချိန်​ မှာ သ တိ အပ်

ကျောင်း​ ဝင်း​ ရှေ့ ကွက်​ လပ်

ညီ ညီ ညာ ညာ တန်း စီ တတ်

ကျောင်း ဖြူ စိမ်း​ နဲ့

ဝတ်​ ဆင်​ ပြိုင်​ တူ ရပ်​။


တေး သီချင်း သံ စဉ်​ ချို မြ မြ

ညီ ညာ ​သောင်း ​သောင်း ဖြ

ကျောင်း စည်း ကမ်း နဲ့ ကိုက်​ ညီ မှ

တိုင်း ပြည်​ ​သား ​ကောင်း

ဖြစ်​ မှာ ဧ ကန်​ ပါ့။


ကျောင်း တက်​ ချိန်​ မှန်​ ​ကျောင်း သို့ တက်

ဘယ်​ ခါ ​ကျောင်း မ ပျက်

ကျောင်း သင်​ ခန်း စာ ​နေ့ စဉ်​ ကျက်

ကျောင်း သူ ကျောင်း သား

နှစ်​ စဉ်​ အောင် မြင် လျက်​။


တွဲ လက်​ ညီ တူ ကျိုး စား ​တော့

ညီ ညာ စည်း လုံး ​ရော့

ယဉ်​ ​ကျေး လိမ္မာ ချစ်​ ခင်​ ​ဆော့

ကျောင်း ​ပျော်​ ​လေး ​တွေ

ဖြစ်​ မှာ ​သေ ချာ ​ပေါ့။ ။


” သစ်​ရိပ်​ညို ”

ကြင်စဦး

" ကြင်​စဦး "


စိတ်​မ​အေး ပါဘု

စိတ်​​လေးလို့​ နေ။


အချိန်​တန်​ ပြန်​မ​ရောက်

နောက်​ကျလို့ ​လေ။


မ​ပေါ်လာ​ နိုင်​ပေ

မျှော်​ကာ​နေ ဆဲ။


စိုးဗျာပူ ဆယ်​​နွေကဲတယ်

သည်းဆိုမှသည်း။ ။


" သစ်​ရိပ်​ညို "

ကျေနပ်တယ်မလားဗျာ

" ​ကျေနပ်​တယ်​မလား ဗျာ "


တစ်​​နေ့စာ ​တော်​ပါပြီ

ကြုံလှီ တဲ့ အ​တွေး။

ပေါ်တိုင်းသာ ​ဆက်​ဆက်​​ရေးရင်

ပြေး​ပေါက်​ခက်​ ​သေး။ ။


" သစ်​ရိပ်​ညို "

ကျောင်းတက်ချင်တယ်

" ​ကျောင်းတက်​ချင်​တယ်​ "


တိတ်တဆိတ်

ကြိတ်မှိတ်ကာငို။


ဟိုချောင်ထိပ် နားဆီက

မှောင်ရိပ်မှာခို။


တွေးစိတ်သော့ ဖျော့တော့ဆို

ချော့လိုသူ ရှား။


သူ့အ​တွေး ဖေးမထူ

ကယ်သူမဲ့သား။ ။


သူ့ရဲ့ပုံ သူ့အချိုးက

မျိုးမေတ္တာ ငတ်တယ်။


ဖိုးမှတ်မှာ ​အခြေ​နဲ့ လို့

မဲ့သည့် အဖေရယ်​။


အမေက ကွယ်

တွယ်ရာမဲ့ ​ဘဝခြား။


စိတ်အားရယ် ​ငယ်

ကျောင်းသွေဖယ် အလှမ်းရယ်ဝေးပေါ့

စာသင်ဖွယ် နတ္ထိအ​ရေး မို့

တွေးဆ ခက်သား။ ။


" သစ်ရိပ်ညို "

ကဗျာစာပေတို့စာပေ

" ကဗျာ စာပေ တို့စာပေ "


အတွေး စုံဆန် ၊ မေတ္တာ ခံဖြင့်

စာဟန် ချယ်သ ၊ ကဗျာ လှတွေ

မိုးကျ ရွှေကိုယ် ၊ ပါးလျား၏။


မိုးကျ ရွှေကိုယ် ၊ စာညွှန်း ဆိုလည်း

ကြုံထို ခဏ ၊ အိပ်မက် မျှပင်

တည်ကြ မြူသွင် ၊ ပါးလျား၏။


တည်ကြ မြူသွင် ၊ မဆင်ခြင် ဘဲ

ငါလျှင် ငါဘဲ ၊ မာန ခဲက

ရေထဲ ဆင်းသို့ ၊ ပါးလျား၏။


ရေထဲ ဆင်းသို့ ၊ ပွားကံ ချို့တဲ့

ရင်ဆို့ ပေစာ ၊ ခါ တစ်ရာ ရေး

ယဉ်ရှာ စိတ်ကူး ၊ ပါးလျား၏။


ယဉ်ရှာ စိတ်ကူး ၊ စာသံ ကြူးလည်း

စိတ်ကူး ယဉ်လှ ၊ သာမည သာ

ဘဝ ကောင်းဆိုး ၊ ပါးလျား၏။


ဘဝ ကောင်းဆိုး ၊ ကံ သုံးမျိုး တွင်

မြတ်နိုး ဓမ္မ ၊ အမှန် ပြစေ

ဘဝ ခြေခံ ၊ ကောင်းဖို့တည်း။


ဘဝ ခြေခံ ၊ စိတ်ကူး ဥာဏ်မြှင့်

ကောင်းကံ တင့်စေ ၊ တို့ စာပေ ဖြင့်

လူထွေ စိတ်မှန် ၊ ကောင်းဖို့တည်း။ ။


" သစ်ရိပ်ညို "

ကံမြစ်တစ်စင်း

" ကံ မြစ်​တစ်​စင်း "


ရင်​တလှိုက်​ခုန်​။

ခွေလျနုံးလို့ နှလုံးပင်​တုန်​။

အဆိုးကံ ကြုံ

သက်​လုံမြှင့်​ထား။

စိတ်​ထားမှန်​ ရုန်းကန်​နည်းမှာ

သည်း​ခံ နိုင်​အား။ ။


ထိုးနှက်​ချက်​ ပြင်းထန်​။

ထောင့်​​ပေါင်းစုံ တိုက်လာမည့်

ဆိုးလိုက်သည့် ​​ခိုက်​ရန်​။

စိတ်​ခန္ဓာ တွင်း ပ သဏ္ဌာန်

သံသရာ ​ဝဋ်​ဘေး။

ရပ်​တည်​ရန်​ အခက်​ပွားလျှင်

တရားက ​ဆေး။ ။


ကယ်​သူမဲ့ ​လျှင်​။

ရေလယ်​မှာ မထူးဇာတ်​နဲ့

ကူးခတ်​ ဖို့ပြင်​။

မြတ်​တရား ​လှေအသွင်​ 

ရေ​ပေါ်တွင်​ သယ်​သွား။

အေးချမ်းသာ ဘဝ​ဘေး က

ဖေးမ လျက်​သား။ ။


" သစ်​ရိပ်​ညို "

ကိုယ့်အကြောင်းကိုယ်သိပါ

" ကိုယ်​အ​ကြောင်း ကိုယ်​သိပါ "


ကောင်းတစ်​ရာ မိုက်​တစ်​​သောင်း

သောင်း​ပြောင်း​နှော ​ရော၍နယ်​။

ယုတ်​​သောသူ မြတ်​သူများ

ရောထား ချင်​တယ်​။

ကိုယ့်​​ကိုယ်​ကို သိသင့်​တယ်

ယုတ်​တယ်​ မယုတ်​ဘူး။

ကောက်​ကျစ်​တဲ့ သူ​တွေဟာ

အရာရာ တုယှဉ်နှိုင်းတယ်

ရိုင်းတဲ့ စိတ်​ကူး။ ။


တရားကို ဘာမသိ

ဒိဋ္ဌိ "ဇ" တပြင်​ပြင်​။

သူ့အသွင်​ သူ့အချိုးက

ရိုးပါ့ တံစဉ်​။

ဝါ​ရွှေ​ရောင်​ စပါးပင်

တွင်​တွင်​သာ ဖြတ်​လှဲ။

တော်​​တော့်​ကို ဘဝင်​ကျလို့

ဟုတ်​လှ ထင်​မြဲ။ ။


မြတ်​ပညာ သူ​တော်​မြတ်

စမ်းသပ်​သည့်​ ဥာဏ်​ပညာ

နှိုင်းယှဉ်​ ပြရာ။

အ​ကောက်​နဲ့ အ​ဖြောင့်​ဟာ

ဘယ်​ခါမှ မတွဲ။

နှိုင်းယှဉ်​သည့်​ ထိုသ​ဘောသာ

ပြောသည့်​ မူကွဲ။ ။


ထမင်းနှင့်​ ငရုတ်​သီး

ရောပြီးစားရာ။

ထမင်းမှာ အဟာရ

ကျိုးများ လှတာ။

ငရုတ်​သီး ဆိုတာ

မစင်​မှာ လာကပ်​လည်း။

အထွက်​ပူ အဝင်​စပ်​လျက်

ကျိုးမြတ်​ ကနည်း။ ။


" သစ်​ရိပ်​ညို "

ကြာနွယ်ရိုးမောင်ချိုးလို့လာ

" ကြာနွယ်ရိုးမောင်ချိုးလို့ လာ "


ရေနံ့သာ မြဆီလူး

ပျံ့လူးငယ် ငွေကြာယံ။

ကန်ပတ်လည် ခရေရိပ်

မှေးအိပ်လို့ လေညင်းစံ။

ရွာထိပ်က ကြာဖြူကန်

တင်ရေခံ ပြည့်လွှမ်း။

ဖူးစုံနီ လွင်ကြည်ကြည်နဲ့

စီရီကာ ကြာငုံဖူးရယ်

မြူးစွင့်ပြည့်လန်း။ ။


ရေကသိုဏ်း

ညွှတ်ကိုင်းကြ မြကြာဖြူ။

ကန်ရေပြင် ရေသင်ဖြူးမှာ

ပြန့်လူးလွင့်မြှူ။

ကြာဖြူဖြူ

ခူးဆွတ်ယူ ကြူနမ်း။

ချစ်သူထံ ချော့မြှူပေးဖို့

တေးဆိုရင်းလှမ်း။ ။


ကြာဖြူသိုက်

ပွေ့ပိုက်လို့ ဆောင်လာ။

ရေစိုစို ကြာနွယ်ရိုးကို

မောင်ချိုးလို့သာ။

ချစ်ဦးငယ် ညိုပြာပြာ

ခွန်းချိုသာ ကြည်စိမ့်သန်း။

နီပြေလွင် ကြာဖြူညင်းတယ်

သင်းပျံ့ထုံမွှမ်း။


" သစ်ရိပ်ညို "

ကိုရွှေချစ်လိပ်ပြာ

" ကို​ရွှေ ချစ်​လိပ်​ပြာ "


တိမ်​ကနက်​​ဗွေ ​ငွေ​ရောင်​သန်းပြန်​​တော့

မိုး​သောက်​​ရွှေ နေရောင်​နမ်းလျှင်​ဖြင့်

ပန်းကြိုက်​ သည့်​ ​ရွှေလိပ်​ပြာ။


ပန်းဥယျာဉ်​ ​ရေလွှာနန်းမကိုဋ်​က

ခင့်​သဉ္ဇာ ​ဆောင်​သာ ခန်းတဝိုက်​မှာဖြင့်

ပန်းလိုက်​လို့ ရှာ။


ပန်းရုံငယ်​ စုံပွင့်​ဖူး​တော့

လွန့်​လွန့်​ရယ်​ မြူးလျက်​သာ

ကူးလူးကာ ပျံဝဲ။


ချစ်​​ဇောဟုန်​ ဖြာဖြာ

ရစ်​​မျောကာ စုံဆန်​ကူးပါလို့

ကြည်​နူး လျက်​ပဲ။ ။


အို... ကို​ရွှေလိပ်​ပြာရယ်

မာယာ​ဖွေ ခစားဖို့များ

ခင့်​အပါး နားလို့လာ။


ရွှေလိပ်​ပြာ အ​ယောင်​​ဆောင်

နီးရ​အောင်​ ကြံ​ဆောင်​​လေလား

ဥာဏ်​များ ​လေတာ။


ရင်​အသည်း တလှပ်​လှပ်​ ခါ

ဘဝင်​ထဲမှာဖြင့်​ တဖျတ်​ဖျတ်​ သာ

ပျို့ စိတ်​မှာ မချင့်​မရဲ။


ပျိုချစ်​တဲ့ ပန်းဥယျာဉ်​ဝယ်

ကျွမ်းသခင်​ ပျိုစင်​ချစ်​ဖို့

လှစ်​ပြ သလို ပဲ။ ။


" သစ်​ရိပ်​ညို "

ကြောက်တတ်စေ

" ​ကြောက်​တတ်​​စေ "


ကာမမှာ တခဏ

ကောင်းလှတာ​လည်း​ရှိသည်​။


ကောင်းတာ​တွေ မရွယ်​ကိုးပဲ

ဆိုးဝါး တတ်​သည်​။


ခါးသည်းသည့်​ ဘဝသည်

ကာမမှီ သည်​ကများ။


ဓားသွားထက်​ ပျားရည်​ မှတ်​ပါလို့

ကြောက်​တတ်​ ​စေသား။ ။


" သစ်​ရိပ်​ညို "

ကိလေသာ

" ကိ​လေသာ "


ငါရပ်​​နေတယ်​ သူငယ်​ချင်း

မင်းသာ သွား​နေတာ

ငါ မသွားပါ။


ဝင်​လာခါ ထွက်​သွားခါ

ေ​မာ​နေတာ မင်းပါပဲ။


ချွေးသံ​တွေ မျက်​ရည်​စို့

ပင်​ပန်းလို့ ခဏနား​သော်​လည်း



" သစ်​ရိပ်​ညို "

ကံကြွေး

" ကံ​ကြွေး "


ညှိုးလွှလွှ ပြုံးလျက်​သာ

သံသရာ ဝဋ်​​ကြွေး။

သည်​ဝဋ်​နာ ဘယ်​ခါမှကွယ်

လွတ်​ပါ့မယ်​​ လေး။ ။


" သစ်​ရိပ်​ညို "

ကြိုးဆွဲရုပ်လေး

" ကြိုးဆွဲရုပ်​​လေး "


နားလည်​ပါတယ်​ ဆိုတဲ့စကား

ပြောကြားဖို့ မလွယ်​။


လက်ခံပါတယ် ဆိုတဲ့သ​ဘောလည်း

ပြောခက်​ လှဖွယ်​။


အမှားကို ယုံ​ကြည်​နေတယ်

လွန်​ခင်​တွယ်​ ​နေ​သေး။


ဂရုဏာ စာနာညှိုးသည့်

မျိုးဖျက်​ သူ​လေး။ ။


" သစ်​ရိပ်​ညို "

ကိလေသာဆယ်ပါး

" ကိလေသာစိတ် ၁၀ ပါး "


လိုချင်လောဘ ၊ မျက်ဒေါသနှင့်

မောဟတွေဝေ ၊ မာနစေလျက်

မှားပေဒိဋ္ဌိ ၊ သံသယရှိသည့်

ဝိစိကိစ္ဆာ ၊ ငိုက်မည်းစွာကား။


ပျင်းစွာစဉ်းမှိတ် ၊ ထိနမိဒ္ဓ

ပျံ့စိတ်လွင့်ပြ ၊ ဥဒ္ဓစ္စဖြင့်

အဟိရိက ၊ ရှက်ကြရဖွယ်

အနောတ္တပ္ပ ၊ ကြောက်ကြမကောင်း

ဆယ်ဝကြောင်းထွေ ၊ နွမ်းညစ်စေအောင်

ကိလေသာသောင် ၊ ကျွန်းစိတ်ဘောင်ထဲ

ရစ်ဝဲရစ်သီ ၊ ကျွမ်းဝင်သည်မို့

ဖြစ်တည်စိတ်ထဲ ၊ ဝင်လာမြဲပင်။ ။


" သစ်ရိပ်ညို "

ကြွေအံ

" ​ကြွေအံ "


လောင်းကစား ဝိုင်းထိုင်

ဒိုင်​က ပိုင်းလုံး။

အတွင်းလူ သစ္စာ​ဖောက်​​တော့

ပေါက်​​ကောင်​​ ပေါ်ရှုံး။


ပြောတုန်းက ပိုလွန်းဆို

နှုတ်​လျှိုလို့ မထား။

ခု​နေတွင်​ အဆင်​လွဲ​တော့

ကွဲပေါ့ ဟုတ်​လား။


ဘယ်​အဆင်​ ဘယ်​အခက်

ဘယ်​လက်​ဖြင့်​ သင့်​သား။

ထင်​အမြင်​ အမှတ်​မှား​တော့

မှားပြီးရင်း မှား။


ခေါင်းပုံ မဖြတ်​​ကြသော်​လည်း

ခေါင်းပုံ ချထား။

လက်​အဖျင်း အနုံများကိုမှ

အားကိုး လျက်​သား။


ကြွေတစ်​လှည့်​ ကြွက်​တခုန်

အ​ရေခြုံ လွှာပါး။

လူကိုယုံ ကုန်​​အောင်​​ထောင်းသည့်

အ​လောင်း အစား။ ။


" သစ်​ရိပ်​ညို "

ကျည်ဆံမိုး

" ​ကျည်​ဆံမိုး "


ဝရဇိန်​လက်​နက်

သိကြားစက်

မိုးစက်​ပစ်​ခတ်

စက်​​သေနတ်​။


ကျိုးပြတ်​လို့​ကြွေ

စပါး​တွေ

လယ်​ယာ​တွေပျက်

ခက်​ပြီ​လေ။


စပါးခင်း​ရေ

အကုန်​မြုပ်

တောင်​သူငုတ်​တုတ်

လယ်​ရင်းပြုတ်​။ ။


" သစ်​ရိပ်​ညို "

ကမ္ဘာတည်သရွေ့

" ကမ္ဘာ တည်​သ​ရွေ့ "


ငုံအထွက်​ စို့အဖူး

ရည်​စူးသည့်​ ပန်းမာလာ။


ဘယ်​သူ့တွက်​ ဘယ်​သို့ခူး

ပွင့်​ဖူး မှာပါ။


အချိန်​ဆက်​ ထွက်​လာမှာ

ရိုးတံဖြာ ထိပ်​ဦး။


ပင်​ငယ်​ငယ်​ ရွယ်အိုသွား​စေ

အားဖြည့်​ ငုံဖူး။ ။


" သစ်​ရိပ်​ညို "

ကြင်သူမဲ့ကင်း

" ကြင်သူမဲ့ကင်း "


မိုးစက်ချွေ ကြွေလာတိုင်း

ရင်လှိုင်းခတ်ဖွယ်။


ညှိနှိုင်းကပ်သီ ပါးထက်ဆီမယ်

မျက်ရည်နှင့်နွယ်။


နှလုံးသား နယ်ပယ်

နားမလည် ပြီပဲ။


ချစ်လျှက်သာ ရှောင်ဖယ်တိမ်းလို့

စိမ်းရက်နေဆဲ။       ။


           " သစ်ရိပ်ညို "

ကဗျာတေး

" က ဗျာ တေး "


က ဗျာ သံ ညွှန်း ဆို ဖွဲ့

ခွန်း ချို နွဲ့ စံ ညီ ။


ကွန်း ခို သွဲ့ အ က္ခရာ သီ လျှင်

ရွက် လွှာ ပွင့် ချီ ။


ရွှင် မြူး စွ ကာ ရန် စီ မယ်

စာ ပန်း ချီ သီ ကြွေး ။


ဆွတ် ခူး ပြန့် ဆင်း ရနံ့ ကြိုင် သလို

သင်း ပျံ့ လှိုင်

ခိုင် လုံး ကြူ မွှေး ။ ။


" သစ်ရိပ်ညို "

ကံစိတ်ဇီဝနှစ်ဌာန

" ကံ ၊ စိတ် ဇီဝ နှစ်ဌာန "


ဇီဝသဘော ၊ နှစ်မျိုးနှောအံ့

ကံပြောဇီဝ ၊ စိတ်ဇီဝဟု

ခွဲပြဟုတ်မှန် ၊ ပမာခံသော်

သိဉာဏ်သတ္တိ ၊ ကြီးထွားဘိသို့


အသိပညာ ၊ ရှိပညာကို

ခွဲကာကြည့်လေ ၊ ထင်ရှားလေတည့် ။


ကံစေအားပြု ၊ လူထိုစုမှာ

ကံဆုကိုသာ ၊ အားထားပါ၏ ။


စိတ်မှာအားပြု ၊ လူထိုစုတွင်

စိတ်ဆုကိုသာ ၊ ကြိုးစားရှာ၏ ။


နှစ်ဖြာပိုင်နိုင် ၊ ကံ စိတ် ခိုင်သူ

ကြံ့ခိုင်လူသား ၊ ရှာမှရှား၏ ။


နိမ့်ပါးသူငယ် ၊ လူမမယ်များ

အားငယ်တတ်သူ ၊ အားကိုးယူလျှင်

သူမြင်တွေ့ရာ ၊ ကံကိုရှာ၏ ။


အမှားအပြစ် ၊ ရောပြွမ်းလှစ်သည့်

ကံဖြစ်ဇီဝ ၊ ဤဌာနတွင်

ကြွယ်ဝဒုက္ခ ၊ ပေါများလှလည်း

ပျော်ကြရွှင်ကြ ၊ ကြင်တတ်ကြ၏ ။


စိတ္တဇီဝ ၊ ထိုလောက၌

ကြွယ်ဝပညာ ၊ ပွားများရာ၏ ။


ဆိုင်ရာပြယုဂ် ၊ လက်တွင်ဆုပ်၍

ထုတ်နှုတ်ဖြန့်ရာ ၊ ပညာသာမို့

ကြည်သာစိတ်ထား ၊ နည်းနာပွားရန်

ငယ်ပါးနုသူ ၊ စွဲမက်ဟူ၏ ။


ယုတ်သူညံ့သူ ၊ ဌာနမူကွဲ

စိတ်လူထဲတွင် ၊ ကင်းပစင်၏ ။


တွဲယှဉ်လမ်းပြ ၊ အလင်းရအောင်

စိတ်လှဆောင်ယူ ၊ ရှိဘိသူအား

တန်းတူထားကာ ၊ ပြစ်မှားပါလျှင်

ကြင်နာသနား ၊ ဂရုဏာပွား၍

လူသားမျက်ဖြေ ၊ မေတ္တာဝေသည်

လူ့ပြေလူ့ရွာ ၊ သဘောတည်း ။ ။


" သစ်ရိပ်ညို "

ကျေးဇူး

" ကျေးဇူး "


ငါးရာ့ငါးဆယ် ၊ နိပါတ်ကယ်လျှင်

သင့်ဖွယ်မှတ်သိ ၊ မဟာသိဝ

ဇာတ်နိပါတ်တော် ရှိပါသည်။


သီးရွက်စုံလင် ၊ သစ်တစ်ပင်မှာ

ခုံမင်ကျေးငှက် ၊ နားခိုလျက်တည့်။


ကျေးငှက်အပေါင်း ၊ ခိုမှီအောင်းရာ

၎င်းသစ်ပင် ၊ ချိန်ကြာလျှင်ဖြင့်

အထွက်နည်းပါး ၊ သီနှံရှား၏။


ခိုနားနေလျက် ၊ ရှိသည့်ငှက်တို့

ခွဲထွက်လေလည်း ၊ တစ်ကောင်ထဲငှက်

နေမြဲလျက်ပင် ရှိချေသည်။


အိုမင်းရင့်ရော် ၊ ခြောက်ကပ်သော်မှ

တော်ရာစွန့်ခွာ ၊ သွားကြရာဝယ်....


သံယောဇဉ်ဘောင် ၊ နှစ်သက်ဆောင်သည့်

တစ်ကောင်ငှက်လေး ၊ ရှောင်မပြေးပဲ

ဘယ်ရေးအရပ် ၊ မခွာအပ်ဟု....


ခြောက်ကပ်သေဆုံး ၊ သစ်ငုတ်တုံးတွင်

စားသုံးအစာ ၊ သစ်ခေါက်ခွာလျက်

ပေါ်လာသည့်ပိုး ၊ အစာမျိုးသာ

နှုတ်ထိုးဆိတ်တောက် ၊ သူစားသောက်၏။


သစ်ခေါက်အဆွေး ၊ သစ်ပင်ပွေးတက်

သက်မွေးပိုးမွှား ၊ ဝမ်းရေးအားလျှင်

နောင်ရေးသစ်ပင် ၊ မလှချင်တော့။


ပင်အိုငုတ်ကျန် ၊ ခြေနေမှန်မှာ

လေဒဏ်မိုးဒဏ် ၊ နေပူဒဏ်ကြောင့်

တင်ကျန်ငုတ်တို ၊ သေးနုတ်ဆိုလဲ

ငှက်ညိုမခွဲ ၊ ရှိနေမြဲပင်။


အသင်ငှက်လေး ၊ ဘယ်အရေးကြောင့်

မပြေးမခွာ ၊ အနီးသာလျှင်

သင်ဟာစွဲကပ် ၊ နေထိုင်အပ်လော။


သင့်သဘောကို ၊ ပြောပြဆိုဟု

လူလိုသိကြား ၊ ဖန်ဆင်းထားကာ....


သီးများမရှိ ၊ ဘာမရှိနှင့်

သေဆုံးဘိလျှင် ၊ သစ်ခြောက်ပင်ဝယ်

ခင်တွယ်တပ်မက် ၊ တွယ်ကပ်လျက်သည်

သင့်တွက်ဘာများ ၊ အကျိုးများလိမ့်။


ဟိုတချိန်က

သူ့အသီးများ စားခဲ့ဖူးတယ်။

သူ့အရိပ်ကို ခိုခဲ့ဖူးတယ်။

သူ့ရဲ့ကိုင်းဖျား နားခဲ့ဖူးတယ်။

ခုချိန်သူ့မှာ ဘာမျှမရှိ။

မရှိချိန်ခါ သည်ချိန်မှာဖြင့်

များစွာခွဲခွာ ငါမခွာပြီ။


တစ်ရပ်တစ်ပါး ၊ ငါသွားခဲ့သော်

သူတော်ကျေးဇူး ၊ မသိကျူးသို့

ရွယ်စူးမရှိ ၊ ငါ့အသိလျှင်

တုံနိဘာဝေ မရှိပြီ။


မြေကြီးမြေခံ ၊ တင်ကျန်ပါစေ

မြေလွှာဖေါက်ထွက် ၊ အမြစ်ထက်မှာ

ငါဆက်ရပ်တည် ၊ နေပါမည်။


ဤမည်သိကြား ၊ ပီတိပွားကာ

ခွဲခြားသိမြင် ၊ နတ်ရေစင်ဖြင့်

ယူငင်ပက်ဖျန်း ၊ ပင်စိုလန်းကာ

ဆင်မြန်းခက်ဝေ ၊ ရွက်ပွင့်စေ၏။


များထွေရပ်ခွင် ၊ လူ့ပြည်တွင်လည်း

တင်ကျန်ကျေးဇူး ၊ ရှိခဲ့ဖူးက

ကျေးဇူးသိတတ် ၊ လွန်မြင့်မြတ်လျှင်

နတ်လူသာဓု ၊ ခေါ်ပြုထိုက်သည်

ဤနှိုက်ဥပမာ ၊ သဘောတည်း။ ။


" သစ်ရိပ်ညို "

ကြင်စဦး

" ကြင်စဦး "


မှူးသခင် ကြင်စဦး

လူးလှိမ့်လို့ငို။


စိတ်ဆိုးရယ် ပြေပါတော့

ချော့လည်းဆက်ငို။


တရှိုက်မက် မျက်ရည်စို

စိတ်တွေတို တအား။


နေမထိ ထိုင်မသာနဲ့

ဘာထိကာ ဘာကိုင်ရမယ်

ပြောပြပါလား။ ။


" သစ်ရိပ်ညို "

ကြိုးစားသူ

” ကြိုးစားသူ ”


တစ်နေ့စာ တစ်နေ့လေး

စာအကြွေး မကျေသူ။


တစ်ရက်စာ တစ်ရက်ကျက်

စာ မခက် သူ။


ကြိုတင်၍ လေ့လာသူ

ပိုင်နိုင်သူ ကျောင်းသား။


ပညာရင့်သန်သူ မှာဖြင့်

ဥာဏ်ဇမ္ဗူ ကံလူလှ မယ်

လုံ့လ ရှေ့ထား။ ။


” သစ်ရိပ်ညို ”

ကိုတောင်သူ

" ကိုတောင်သူ "


နေလည်း လျှိုးလျှိုး

မိုးလည်း စက်စက်

လယ်ရိုး ထွက်ကာ

နံနက် မိုးသောက်

ထွန်ရေး ဖောက်၏။


နွားပေါက် နှင့်မောင်

ခတောင်းမြှောင် လျက်

ပေါင် သလုံးသား

မြှောင်း ကြွက်သားဖြင့်

ခွန်အား အပြည့်

ကြိမ်တံ ဝှေ့ရင်း

ဟဲ့ ဟေ့ ဖေ့သား

ရုန်းပါလား ဟု

ထွန်သွား ထယ်ခွဲ

မြေဆိုင် ခဲလျှင်

လိပ်ခဲ မွကြေ ရှိတော့သည်။ ။


" သစ်ရိပ်ညို "

ကိုတောင်သူ

" ကိုတောင်သူ "


ဝသန်ဦး

ကွန့်မြူး ပါတဲ့ တိမ်ပန်းချီ

ချိန်ရာသီ လေကူတိုးကာ

မိုး သည်း ရွာပြီ။


ပျိုး လဲသာ စွ

မျိုး ကြဲကာ ပျိုးပင်ပျိုးလို့

ကန်သင်းရိုး ရေတင်ယူကာဖြင့်

ကူ ရေဖြည့် သည်။


တူစေဓလေ့ တို့ရိုးရာ

တိုးလို့သာ ယာလယ်တဝိုက်ဆီ

ကောက်စိုက်ပြီ ပေါ့ လေး။


စိုက်ရေးငယ် ပြင်

လယ်ကိုင်းထွင် တောင်သူရိုး

တိုးတက်ဖို့ ပြည်တစ်ခွင်သာ

ဆန်ဆီရွှင် နိုင်ငံတွင်းမှာကွဲ့

ကွင်းပြည့်ပေါ့လေး။ ။


" သစ်ရိပ်ညို "

ကြာနွယ်ရိုးချိုးလှည့်ပါ

" #ကြာနွယ်ရိုးချိုးလှဲ့ပါ "


နှင်းပျံ့ရည်

ဆွတ်ကာလူးမှ မြူးစွင့်လို့ဖြာ။


နံ့သာဦးပါကွဲ့

ချွေခူးမယ့် ပေဖူးလွှာမှာ

မူးမေ့စွာ ဝတ်ရည်ဖြိုးရင်ဖြင့်

ပျိုးလှနှံ့စွာ။


မွှေးနံ့သာ အေးမြလာပြီမို့

လှသွေးဖြာ ပန်းနုသန်းရှာရော့

မြန်းဆင်ပါတော့လေး။


တင့်ဆန်းစွာ

ငွေလွှာခပါတဲ့ လရောင်ချည်မှာ

မြဆောင်ဆီ အောင်သွယ်ပုံထူးတော့

မောင်မယ်ဆုံ ကြည်သာထွေးဖို့ရယ်

ညီညာရေး ဆွေးနွေးလျှက်သာပ

ရင့်ကျက်ဖို့လေး။ ။


" သစ်ရိပ်ညို "

ကောလင်းရွှေမြို့

"ကောလင်း ရွှေမြို့"


မြင့်တုံ နိမ့်ဆင်း ၊ မြိုင်ယံတွင်း မှာ

ဝါဝင်း စက်ပြောက် ၊ နေခြည် သောက်၏။


လျှိုချောက် မြိုင်တန်း ၊ ဟေဝန် နန်းဝယ်

စိမ့်စမ်း ရေချို ၊ မြဲစိမ်း စို၏။


သည်းဖို ချိုင့်ဝှမ်း ၊ ကျောက်စက် ပန်းနှင့်

တောင်တန်း တောင်ညို ၊ တောင်မြင့် ပိုသည့်

တောင်မိုရ် "မိုင်းသုံ" ၊ ရစ်သိုင်း ခြုံ၏။


ရဂုံ မြိုင်ကျွန်း ၊ ပတ်လည် ဝန်းသည့်

ရွှန်းလဲ့ ရောင်ဝင်း ၊ ရွှေ"ကောလင်း" တည့်။


ရှေ့ခင်း မျက်နှာ ၊ ရွှေ"ဧရာ" နှင့်

ဆီး"ကာ"ညိုမှောင် ၊ "မင်းဝံတောင်"တန်း

ရွှေတောင် ရွှေညှာ ၊ ပေါကြွယ် ပါ၍

"ခံသာ" ရွာနီး ၊ ရွှေစက် ကြီးတည်။


နယ်နီး မြို့မြောက် ၊ "ဝန်းသို" ရောက်၏။

မြေကျောက် ကုန်းမိုရ် ၊ လွှာထပ် လျိုနှင့်

မြေညို နီလွှား ၊ တောင်ထပ် များစွာ

လှအား သာစွ ၊ မြူလွှာ ခ ၏။


ဆွေလှ သာကီ ၊ သကျ ဂီရိ

မြို့တည် စော်ဘွား ၊ "မိုးညှင်း" စားနှင့်

စော်ဘွား "ဝန်းသို" ၊ ညွှန်းရိပ် ဆိုသည့်

နေညို ချမ်းအေး ၊ ကျွန်းညို ထွေးရှင့်။


မျှော်တွေး ရှေ့မြောက် ၊ "ထီးချိုင့်" ပေါက်၏။

ချင့်ထောက် စေပြီး ၊ ဤ ခရီး ဝယ်

ရိပ်ကြီး တောတောင် ၊ အံ့ဖွယ် အောင်ပ

ပြဆောင် ညွှတ်သိမ်း ၊ အမျက် ထိမ်းရှာ။


မြက်ယိမ်း "မခုံ" ၊ "လက်ဝဲသုဒ္ဒရ"(မြက်ကဲ့သို့မကျင့်)

ရဂုံ ဂနိုင် ၊ "မဲဇာ" မြိုင်တော

ပြည့်ခိုင် "ရတု" ၊ ညွှန်းဆို ပြု၏။


စိတ်နု နွဲ့ပါး ၊ လွန် ခစား သည့်

ငွားငွား သိပ်သည်း ၊ လွမ်းရိပ် ဆည်းဆာ

အနီး မှာသာ ၊ တည်ရှိတာ ရှင့်။


နောက်ဖြာ ကွန့်မြူး ၊ မြစ်သား "မူး" ငယ်

စိမ့်ချူး မြရည် ၊ ရွှန်းပ ကြည်ဧ

ဝေသီ ဖွေးတောက် ၊ လည်ရွဲ ကျောက်ပွင့်

ပင့်မြှောက် ချင့်ထောက် ၊ "ချင်းတွင်း" ရောက်၏။


နောက်မြောက် ဆီယွန်း ၊ စုံမြိုင် ထွန်းပ

နှုတ်ခွန်း ချိုမြူး ၊ "ပင်လယ်ဘူး" မှ

"တမူး" နယ်ရောက် ၊ တောလမ်း ပေါက်၏။

ရွှေကျောက် ရွှေဆိုင် ၊ လွန်ထွက် နိုင်ကွဲ့ ။


လေးမိုင် မြို့နောက် ၊ ရှမ်း "လွယ်မောက်" ခေါ်

"ခမောက်တောင်" တော် ၊ ရှမ်းနွယ် ပျော်၏။


ပွဲတော် ကြုံဆုံ ၊ "ပေါင်း "ခူး "ဆုံ မှ

နတ်ဘုံ တမျှ ၊ ပျော်ကြ ရသည်

ချမ်းမြ ကြည်သာ အေးစေ သောဝ်။ ။


" သစ်ရိပ်ညို "

ကြယ်တွေစုံတဲ့ည

" ကြယ်တွေဆုံတဲ့ည "


ကြယ်တာရာ ည

အာကာသ သဘင်ဝယ်။


ဆင်ယင်ကာ ကျင်းပမြဲ

ပွဲ နက္ခတ် နယ်။


နတ်မိမယ်

သော်တာငယ် ကြည်နူး။


ကြယ်စင်ရည် ကြည်လင်လျက်ကယ်

တက်ကြွ ရွှင်မြူး။ ။


" သစ်ရိပ်ညို "

ကြွယ်ဝမှအရာထင်

" ကြွယ်ဝမှ အရာဝင် "


အစီးပွား

ကြီးမားမှ အရာဝင်။


နိမ့်ပါးကာ ချိနဲ့သော

နှောလည်း မတွင်။


ငွေဘုရင်

အမြင် လှလေး။


မိုးအုပ်ငင်

ဆိုးရုပ်ပင် ငွေရည်သွင်းလို့

ထိန်လင်း နေသေး။ ။


" စုန်ရေ "


သမီးသား

မှီးထားဖို့ ရာမမြင်။


သူ့အလို စိတ်သဘော

မျောရ သည်ပင်။


မဆင်ယင်

ခင်မင်ချစ် မဲ့ဝေး။


အိုးဖုတ်လျှင်

မြေအသွင် အဆင်ကျစ်မှ

ကောင်းသစ် ကွဲ့လေး။ ။


" နားလည်ပါ "


ဇနီးမယား

နှီးသားသို့ ခိုင်လျှင်။


အသေချာ အပိုင်ထုပ်

ပိုးချုပ် မျှင်မျှင်။


ကြိုးစားအစဉ်

စီးပွားခွင် လုပ်အား။


မြစ်လှိုင်းပုံ

ရစ်သိုင်းခြုံ ကုံလုံပြည့်မှ

ချစ်သည့် မယား။ ။


" ဆည်းကပ်ရာ "


အနီးပါး

ထံပါးခ ဆရာအရှင်။


လိုက်သိဖွယ် ကြွယ်နှလုံး

ရှုမဆုံး ချစ်ခင်။


ပွဲကိုဝင်

ပညာဆင် သီကုံး။


သွင်အပြင်

ပညာရှင် ထင်မြင်အပ်ဖွယ်

ရပ်သိ ရွာထုံး။ ။


" နှောင်းနောင်တ "


တသီးခြား

ထီးဘုရား သဒ္ဓါကျဉ်။


မိုက်အဆွေ စရိုက်ဆိုး

သိုးပုပ် အမြင်။


ပညာမခင်

လူတွင် ဝပါး။


ကံရိပ်ကယ်မှောင်

ရန်ပိတ်လှောင် အပူမီး

ဟီးထ လိမ့်ဗျား။ ။


" နေတတ်ပါစေ "


တစ်သီးစား

ငြီးတွားတဲ့ လူတွင်။


ရှောင်ဖယ်ကျဉ် ပေါင်းသင်းဆုတ်

ကြိုးယုတ် သည်ပင်။


နောင်ဆင်ခြင်

ပြင်ဆင် ပါ့မနှေး။


လူ့သဘော

လိုက်လျောခုံမင်ပါမှ

ချောမွေ့မြင် စဉ်အဆက်ကွယ်

နှစ်သက် လိမ့်လေး။ ။


" သစ်ရိပ်ညို "

ကန်သာယာ

" ကန်သာယာ "


လေချိုအသွေး ၊ ပန်းအမွှေးပေါ့

ကြည်အေးစိမ့်ဖြာ ၊ ကန်ပိုင်မာတွင်

သာယာပြန့်ဖြူး ၊ ရေလွှာမြူးလျက်

ကမ်းဦးကန်ဘောင် ၊ ချော့မြှူယောင်လျှင်

တောင်လေဖြတ်ဖြတ် လူးတော့သည်။


နံနက်မိုးသောက် ၊ လမ်းလျှောက်နေရင်း

လေညင်းဆည်းဆာ ၊ ဂုဏ်နှစ်ဖြာကို

ယှဉ်ကာလျှောက်လှမ်း ၊ လေ့ကျင့်ခန်းဖြင့်

လန်းဆန်းစိတ်ဝယ် ၊ ရေပြင်ကျယ်လျှင်

ခင်တွယ်နေ့တိုင်း ရောက်တော့သည်။


မျက်နှာတူရှု ၊ ကန်ရေထုနှင့်

ဝန်းစုပန်းမာ ၊ နီဝါပြာလျှင်

ရွှေကြာလည်းမွှေး ၊ ပန်းလည်းမွှေး၍

ရွှင်အေးလှစွာ ၊ ကန်သာယာကို

တိမ်ပြာလေးနှင့် မိုးထားသည်။ ။


" သစ်ရိပ်ညို "

ကျနော့်ကဗျာလေးငိုနေသည်

" ကျနော့်ကဗျာလေး ငိုနေသည် "


လှေခါး ထစ်တက် ၊ ခြေတစ်ဘက် မှာ

နှုတ်ထွက် မသာ ၊ ငြိမိ ပါသည်

ခြေခါ လိမ့်ကျ ထိဖူးသည်။


ကာရန် လွတ်ကျ ၊ နဘေ ခွ နှင့်

ဘာမျှ မကျန် ၊ တိမ်သည့် ဥာဏ်ရယ်

ဆိုရန် ဆိုရေး ပေါက်ခက်ပြီ။


အံဆို ချရေး ၊ ရွှေနှုတ် လေး၍

အတွေး အသိ ၊ ဥာဏ် မထိဘဲ

လက်၏ နှောင့်နှေး ၊ စာဟန် သွေးလည်း

ဖင့်လေး အတိ ၊ ခလုပ်ထိ သို့

ကြွမိ ခြေထောက် ၊ အံချော် ထောက်ကာ

အောက်သို့ ကျသလို ၊ ကဗျာ ချိုသည်

ငိုသံ ရော၍ ပါနေသည်။ ။


" သစ်ရိပ်ညို "

ကောင်းကျိုးလိုသော်

" ​ကောင်းကျိုး လို​သော်​ "


လူ့​ဘောင်​ပြည်​နှိုက်

လူမိုက်​တစ်​​သောင်း ၊ တစ်​​ယောက်​​ကောင်းဖြင့်

ထိမ်း​​ကျောင်းအုပ်​​သော်​ ၊ ရငြား​သော်​လည်း

လူ​တော်​အ​ပေါင်း

လူ​ကောင်းတစ်​သိန်း ၊ လူမိုက်​ထိန်းလျှင်

ပျက်​ကိန်းကြုံရာ ဖြစ်​တတ်​စွာ တည်း။


သူ​တော်​စင်​စစ်

ရှေ့ဖြစ်​​နောက်​​ကြောင်း ၊ ​ကောင်းမ​ကောင်းကို

ကောင်းဆိုး​ဝေဖန်​ ၊ နည်းလမ်းမှန်​ဖြင့်

သင့်​တန်​​ထောက်​ထား ၊ ဆွဲ​ခေါ်ငြားမူ

လူသားတစ်​​သောင်း ၊ ငြိမ်း​စေ ​ကြောင်းတည့်​။


ဗာလ လူမိုက်

စရိုက်​ မတူ ၊ နင်း​ချေ ဟူရှင့်

ကျိုးတူ သာမှ ၊ လိုဘ ကျဟု

ကတိ သစ္စာ ၊ ​မေ့​လျော့စွာ ဖြင့်

အာဏာ စက်​ခင်း ၊ မိစ္ဆာ နှင်းတည့်​။


များလူ အတ္တ ၊ ဝဋ်​ဒုက္ခ တို့

စုကြ ရစ်​​နှောင်​ ၊ ဤလူ့​ဘောင်​ဝယ်

မ​ယောင်​ ဆီလူး ၊ မီးစ ကူးသည့်

မိုက်​ရူး မိစ္ဆာ ၊ မကျင့်​ရာ တည်း။


များလူ အကျိုး ၊ ရည်​​မျှော်​ကိုး ၍

အဆိုး မ​ဝေ ၊ ​ကောင်းရာ​စေ ​လော့

မ​သွေ သုခ ၊ လိုတရ လျက်

ဒိဋ္ဌ ​ကောင်းကျိုး ဖြစ်​လတ္တံ့။ ။


" သစ်​ရိပ်​ညို "

ကမ်းငွေသောင်ယံ

" ​ကမ်း ​​ငွေ​သောင်​ယံ "


လွှတ်​မြူးဘွယ်​ဖန်​ ၊ တိမ်​ယံ​လေဖြူး

ညင်း​လေဦးက ၊ ​ဆော့လူး​လေပြည်

နေခြည်​​တောင်​ယံ ၊ ဖူးပွင့်​ပန်​ကာ

တောင်​ပံလှုပ်​​ထွေး ၊ လိပ်​ပြာ​လေးနှင့်

ပျား​လေးငယ်​ငယ်​ ၊ ပန်းခင်းလယ်​မှာ

ရွှင်​ဖွယ်​ပျံဝဲ ၊ ဝတ်​မှုံကျဲသို့

ပျော်​ပွဲဆင်​ယင်​ ၊ ပန်းဥယျာဉ်​၌

ပျိုလွင်​သည့်​ပန်း ၊ သွင်​မနွမ်းခင်

အနမ်းမိုး​စွေ ၊ ကျိုးပမ်း​နေသည်

လေပြည်​မာလာ သင်းသင်းတည့်​။


ညွတ်​နူးငယ်​ပန်​ ၊ တွယ်​ဟန်​လွှတ်​မြူး

သက်​ပိုင်​ဦးလျှင်​ ၊ ရွယ်​စူးရည်​မှတ်

ဘဝအပ်​မျှ ၊ မျိုးမြတ်​ကျင့်​​ထွေ

စိတ်​​နေညွတ်​​ပျောင်း ၊ ​ရွှေရည်​​လောင်း၍

ခ​ညောင်းမှူးတင်​ ၊ ချစ်​​ရေစင်​ဝယ်

ကြင်​နာဆပွား ၊ ​မေတ္တာများဖြင့်

ချစ်​အားပိုပို ၊ ရွှန်းစိုစို​သော်

သံချိုချို​အေး ၊ သံစဉ်​​တေးသွား

ပြန့်​​မွှေးကြိုင်​​လေ ၊ ပန်​ဆင်​​စေမည်

နေခြည်​ဖြာဖြာ ဝင်းဝင်းတည့်​။


ဆွတ်​ခူးရွယ်​ကြံ ၊ မယ့်​ထံညွှတ်​နူး

စိတ်​လွှတ်​မြူးလျက်​ ၊ သီကျူးတသ

ကျန​ခွင့်​ပန်​ ၊ ​ရွှေနန်းစံရယ်

တစ်​ရံတစ်​စိတ်​ ၊ ဟန်​မချိတ်​ပဲ

ဖိတ်​ဖိတ်​ရောင်​စဉ်​ ၊ ချိုလွင်​လွင်​နှင့်

သွင်​သွင်​စီး​မျော ၊ တ​သော​သောလျှင်

သာ​မော​သောင်​ကျွန်း ၊ ချစ်​ရည်​ရွှန်းသည့်

ချစ်​ခွန်းတုံ့တင်​ ၊ ကမ်းရင်​ပြင်​ဝယ်

တွယ်​ငင်သစ်​​ဝေ ၊ ကမ်းဦး​ရေသည်

ရွှေရည်​လွှာလွှာ လင်းလင်း​​တည့်​။ ။


" သစ်​ရိပ်​ညို "

ကျေးတောသဘင်

" ​ကျေး​တော သဘင်​ "


နွားအ​ပေါင်းရယ်​နဲ့

နွား​ကျောင်းတဲ့ သူမယ်​။


ချစ်​တဲ့သူ ​ခေါ်လာပြန်​​တော့

လှည်း​ကျော့ ယဉ်​ငယ်​။


ငှက်​​ကျေး​တို့ ရံ​ရွေ​ဖေါ်နှယ်

ပျော်​ရွှင်​ဖွယ်​ ပျံဝဲ။


မ​လေးနဲ့ အတူ

ပု​လွေကျူ ချူသံ​ပေးပါလို့

ငှက်​​ကျေးသီ သည်​စားကျက်​ခင်းဝယ်

ကျင်းပ သည့်​ပွဲ။ ။


" သစ်​ရိပ်​ညို "

ကျဘန်းမလေးမခင်စန်း

” ကျပန်းမလေး ခင်စန်း ”


ခရီးသည် များ ၊ လူးလာသွား လျက်

ပျားပန်းခတ် မျှ ၊ လှုပ်ရှား ကြသည်

ဘဝ လုံးစုံ ဘူတာရုံ ။


ဘူတာရုံ တွင် ၊ ပစ္စည်းရှင် တို့

ယူငင် ကူဖေး ၊ သယ်ယူ ပေးသည့်

ဈေးသည် ကျပန်း မခင်စန်း။


မခင်စန်း လေး ၊ ထမ်းပိုး ပေးလို့

ငွေလေး တစ်ဆယ် ၊ ထမင်းဝယ် ကာ

နေ့လည် ဝမ်းစာ စားရရှာ။


မဝ ရေစာ ၊ စားရ ရှာသည့်

လွန်စွာ ဆင်းရဲ ၊ ဘူတာ ထဲ၌

အိမ်ပဲ အိပ်ယာ ခုံတန်းသာ။


ခုံတန်း ပေါ်မှာ ၊ တုန်ရီစွာ လျှင်

ဖျားနာ ပူကြီး ၊ ဒုက္ခ မီးဖြင့်

ဖြစ်ပြီး မကြာ ၊ ခဏတာ တွင်

ဘူတာ ရထား ၊ ဆိုက်ရောက် ငြားက

သွား၍ ထမ်းပိုး ၊ ထမင်းဖိုး တွက်

တိုးလျှိုး တောင်းပန် ၊ လုပ်ရ ပြန်သည်

ချိန်မှန် ဘဝ ၊ ရုန်းကန် ရတည့်။


ဘဝ ဘယ်မှာ ၊ ပညာ ပါလဲ

ဥစ္စာ ဘယ်မှာ ၊ ပိုင်ဆိုင် ရာလဲ

ဘာညာ မသိ ၊ သူမ သိတာ

လက်ရှိ လုပ်ရိုး ၊ ငါ ထမ်းပိုး မှ

ဝမ်းအိုး တစ်ထွာ ၊ စားရ မှာမို့

ဘူတာ ကျောရိုး ၊ ခုံတန်း ကျိုးသာ

ငါ့အိုး ငါ့အိမ် ဖြစ်တော့သည်။ ။


” သစ်ရိပ်ညို ”

ကျောင်းတော်မဟာ

” ကျောင်းတော် မဟာ ”


ရင်မှ မွေးဖွား ၊ ရင်ခွင် သားတို့

ပိုင်းခြား မြော်မြင် ၊ ဥာဏ်နှင့် ယှဉ်၍

ခိုဝင် ကာနား ၊ နေသော် အားတည့်

ခြားနား မရှိ ၊ ပကတိ ပင်

ငါ၏ နွယ်ဖွား ရင်ခွင်သား။


ငါ၏ ခွန်အား ၊ စိတ်ဓာတ်များ ဖြင့်

ငါ့သား သမီး ၊ ငယ် ရွယ် ကြီး ရင့်

ပညာ တင့်စေ ၊ ဂုဏ်မြင့် စေလျက်

ချစ်ဆွေ မျိုးနွယ် ၊ မျိုးဂုဏ် ထည်ဝါ

တင့်တယ် လျောက်ပတ် ရှိလှသည်။


ငါ့ ၏ သံစဉ် ၊ ချိုချိုလွင် တွင်

ကြည်လင် မေတ္တာ ကြီးလှ၏။


သာတူ ညီမျှ ၊ စခန်း ချ၍


ထကြွ နိုးကြား ၊ မောင်ကြိုးစား တို့

လုံ့လ ကြီးမား ၊ မယ်ကြိုးစား တို့


ပြည်ဖွား တိုင်းကျိုး ၊ တည်ထောင် ပျိုးလော့

ခွန်အား ပြည့်ဖြိုး ၊ ညီအောင် ကြိုးလော့


တို့မျိုး ပြည်ထောင် ၊ ရန်တိုင်း အောင်စေ


အမောင် စွမ်းဆောင် ၊ မယ်စွမ်းဆောင် တို့

ထမ်းဆောင် ဝန်တာ ၊ ကျေပွန်စွာ ဖြင့်


မြန်မာ မြန်မာ ၊ ရွှေမြန်မာ ဟု

အာဇာနည် သွေး ပြကြမည်။ ။


” သစ်ရိပ်ညို ”